ရှေ့သို့
Image

စိတ်ဓာတ်ပိုင်းဆိုင်ရာပြသနိုင်ရမယ်ဆိုတဲ့ မာတစ်

4:16 PM, 29 April

ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာထားခဲ့တဲ့ ကျောနံပါတ် ၃၁ ကို ဝတ်ဆင်ကစားတဲ့ အဆိုပါကစားသမားဟာ ချဲလ်ဆီးကို ၁-၁ နဲ့ သရေကျသွားခဲ့တဲ့ပွဲမှာ တစ်ဂိုးဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ  ယူနိုက်တက်ဟာ ချဲလ်ဆီးကို ဖိအားပေးကစားဖို့ပျက်ကွက်နေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးကို အလွန်ဆိုက သွင်းယူသွားပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် ၂ မိနစ်ကြာပြီးတဲ့နောက်မှာ မာတစ်ရဲ့ပေးပို့မှုကနေတစ်ဆင့် ရော်နယ်ဒိုက သူ့ရဲ့ ၁၇ ဂိုးမြောက် ပရီးမီးယားလိဂ်ဂိုးဖြစ်တဲ့ ချေပဂိုးကို ပြန်လည်သွင်းယူခဲ့ပါတယ်။

“ချေပဂိုးဆိုတာကို ပြန်သွင်းနိုင်ဖို့ဆိုရင် ကျွန်တော်တို့တွေ စိတ်ဓာတ်ပိုင်းဆိုင်ရာပြသနိုင်ရမယ်ဗျ။ ကျွန်တော်တို့တွေ ခေါင်းငုံ့အရှုံးမပေးခဲ့ပါဘူး။ သူတို့တွေ တော်တော်လှတဲ့ဂိုးသွင်းပြီး နောက်နှစ်မိနစ်လောက်ကြာတော့  ကျွန်တော်ရဲ့ဖန်တီးမှုကနေ အရမ်းလှတဲ့ ချေပဂိုး ပြန်သွင်းပြန်သွင်းသွားတယ်။ ဒီတော့ သရေဆိုတဲ့ရလဒ်က မျှတတယ်လို့ထင်တယ်”လို့ မာတစ်က ဆိုပါတယ်။

မာတစ်ဟာ သူတို့ရဲ့ရလဒ်နဲ့ပတ်သက်ပြီး ပရိသတ်တွေကိုလည်း ချီးကျူးနေခဲ့ပါတယ်။ “ချေပဂိုးပြန်သွင်းပြီးသွားတော့ အားပေးတာကြီးက အားရဖို့ကောင်းတယ်ဗျ။ ကွင်းထဲကအနေအထားက ကျွန်တော်တို့ ပရိသတ်တွေကြောင့် တကယ်အားရဖို့ကောင်းတယ်”လို့ သူက ဆိုပါတယ်။

အဆိုပါညဟာ အဆိုပါကစားသမားရဲ့ ယူနိုက်တက်သမိုင်းတစ်လျှောက်မှာ အနည်းငယ်ချိုမြိန်ခဲ့တဲ့ညလို့လည်း ဆိုလို့ရပါတယ်။ သူ့ရဲ့လူစားထိုးဝင်ရောက်မှုကြောင့် သူ့အရင်အသင်းဟောင်းကို တစ်ဂိုးပြန်လည်သွင်းယူပြီး ယူနိုက်တက် ပရိသတ်တွေကို ပျော်ရွှင်အောင်ဖန်တီးပေးနိုင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ ၅ နှစ်လုံးလုံး ကျွန်တော်လည်း အသင်းအတွက် အတတ်နိုင်ဆုံးကစားပေးခဲ့တယ်။ သူတို့တွေအဲဒါကိုမှတ်မိနေပေးတာ ကျေးဇူးတင်ပါတယ်”လို့ သူကပြောပါတယ်။ ယူနိုက်တက်ကို ၂၀၁၇ ခုနှစ်က စတင်ဝင်ရောက်ခဲ့တဲ့ မာတစ်က အသင်းကနေ ထွက်ခွာဖို့ကို အရမ်းအလျင်လိုတဲ့ပုံတော့ မပေါ်ပါဘူး။

“ကျွန်တော်ပြောဖူးသလိုပေါ့။ ကျွန်တော် ယူနိုက်တက်အတွက် အမြဲအကောင်းဆုံးကြိုးစားပြီး နှလုံးသားထဲမှာ ယူနိုက်တက်ကို ထည့်ထားပါ့မယ်. ဒီလိုအသင်းကြီးရဲ့ တစ်စိတ်တစ်ဒေသဖြစ်ခဲ့ရတာ အရမ်းဂုဏ်ယူပါတယ်။ ဒါမျိုးကို ကစားသမားတိုင်းလုပ်နိုင်တာမဟုတ်ပါဘူး”လို့ မာတစ်က ဆိုပါတယ်။

သူဟာ ယူနိုက်တက်ရဲ့ကျန်တဲ့ပွဲသုံးပွဲမှာ အကောင်းဆုံးကစားသွားမှာဖြစ်ကြောင်း၊ ယူနိုက်တက် တိုးတက်လာတော့မှာကို သဘောကျကြောင်းလည်းပြောပါတယ်။ သူက “ကျန်တဲ့ ၃ ပွဲကိုလည်း ကျွန်တော်တို့တွေ အကောင်းဆုံး ကစားရမယ်။ ဒီရာသီဟာ အသင်းအတွက် သိပ်မကောင်းခဲ့တာသိပါတယ်။ ဒါပေမဲ့ အသင်းအနေနဲ့ အရှေ့ကိုဆက်မျှော် အနာဂတ်ကိုပဲ ကြိုတွေးရပါမယ်။ ယူနိုက်တက်ပြန်လည်တိုးတက်လာပြီး ပြန်လာနိုင်မယ်ဆိုတာ ကျွန်တော်သေချာပေါက်ပြောနိုင်ပါတယ်”လို့ ဆိုပါတယ်။

#မန်ချက်စတာယူနိုက်တက် #မာတစ်