ရှေ့သို့
Image

တိုက်စစ်မှူးသစ်နှစ်ဦး ခေါ်ယူသင့်ကြောင်း ယူနိုက်တက်ကို ရန်နစ်အကြံပေး

11:08 AM, 29 April

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြရာ့ဖ်ရန်နစ်က ယူနိုက်တက်အနေနဲ့ ခရစ္စတီယာနိုရော်နယ်ဒို အပေါ်မှာပဲ မှီခိုနေရမှုကို လျှော့ချနိုင်ဖို့အတွက် နွေရာသီမှာ တိုက်စစ်မှူးသစ် နှစ်ဦးခေါ်ယူသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

၃၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ဒီရာသီအသင်း အတွက် ၂၃ ဂိုးမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ၂၀၀၆၆-၀၆ ရာသီက အသက် ၂၃ နှစ်အရွယ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက်နဲ့ တူညီသွားခဲ့ပါတယ်။ လက်ရှိယူနိုက်တက်ရဲ့ ဂိုးအများဆုံးသွင်းယူထားသူလည်းဖြစ်ပြီး ဒုတိယဂိုးအများဆုံး သွင်းယူထားသူ ဘရူနိုဖာနန်ဒက်စ်တောင် ၉ ဂိုးပဲ ရရှိထားပါတယ်။

ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အက်ဒီဆင်ကာဗာနီကလည်း ယူနိုက်တက်ကနေ ထွက်ခွာမှာဖြစ်သလို တိုက်စစ်အားသန် ကွင်းလယ်လူတွေဖြစ်ကြတဲ့ ပေါလ်ပေါ့ဂ်ဘာ၊ ဂျက်ဆီလင်ဂတ်နဲ့ ဂျူအန်မာတို့အားလုံးလည်း အသင်းကနေ ထွက်ခွာဖို့ပြင်ဆင်နေကြပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့ နောက်ဆုံး ၉ ဂိုးမှာ ၈ ဂိုးကို သွင်းယူထားပြီး ဇန်နဝါရီမတိုင်မီက ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့တဲ့ ပွဲနောက်ပိုင်း ယူနိုက်တက်တိုက်စစ်ကစားသမား အတော်များများ ပွဲမကစားနိုင်ခဲ့ကြပါဘူး။

အဆိုပါပွဲရဲ့ အနိုင်ဂိုးကို မေဆင်ဂရင်းဝုဒ်က သွင်းယူခဲ့သလို၊ ကာဗာနီနဲ့ အန်တိုနီမာရှယ်တို့လည်း လူစားဝင် ကစားခဲ့ကြပါတယ်။ အဲ့ဒီပွဲပြီးကတည်းက ဂရင်းဝုဒ်ကအမှုကိစ္စကြောင့် ပွဲကစားလို့မရတော့သလို မာရှယ်ကလည်း ဆီဗီလာကိုအငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ကာဗာနီကတော့ နောက်ဆုံး ၃ လအတွင်း ဒဏ်ရာပြဿနာတွေကြောင့် တစ်ပွဲသာကစားနိုင်ခဲ့ပါတယ်။

ရန်နစ်က “ဝက်စ်ဟမ်းနဲ့ပွဲပြီးကတည်းက မကစားနိုင်တော့တဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ ရှိသမျှတိုက်စစ်ကစားသမား အကုန်လုံးသုံးခဲ့တာပါ။ အရန်ခုံမှာရှိတဲ့ တိုက်စစ်ကစားသမားဆိုလို့ ဂျူအန်မာတာ တစ်ယောက်ပဲ ကျန်ပါတယ်၊ အဲ့ဒါကြောင့် သူ့ကိုနောက်ဆုံး မိနစ် ၂၀ လောက် ကစားခိုင်းလိုက်တာပါ။ ကျွန်တော်တို့အသင်းမှာ ကစားသမားအင်အားမျှမျှတတ ရှိဖို့လိုပါတယ်။ ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ ရှိပါတယ် ကျွန်တော်ကိုင်ခဲ့တဲ့ ပထမဆုံး ၁၀ ပွဲမှာ မတူညီတဲ့ ကစားသမား ၁၀ ယောက်က ဂိုးသွင်းခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ အခွင့်အရေးဘယ်လောက်ထိ ဖန်တီးပြီး ဘယ်သူတွေက ဂိုးသွင်းနိုင်လဲဆိုတာပါပဲ။ ဒီနေ့ ကျွန်တော်တို့အရန်ခုံနဲ့ ချဲလ်ဆီးရဲ့အရန်ခုံတန်းရယ်၊ ပွဲထွက် ၁၁ ယောက်ရယ်ကို ယှဉ်ကြည့်လိုက်ပါတယ်။ ဒါကအကြောင်းပြချက်ပေးနေတာမျိုးမဟုတ်ပဲ သတိပေးနေတာပါ။ အခုချိန်မှာ ကျွန်တော်တို့ ခရစ္စတီယာနိုအပေါ်မှာ အရမ်းကို မှီခိုနေရတယ်။ အဲ့ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် တိုက်စစ်မှူး ၂ ဦးလောက် ခေါ်ဖို့လိုပါတယ် ” လို့ ပြောသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ရန်နစ်