ရှေ့သို့
Image

ဒီယက်ဇ်ကြောင့် ဆာဒီယိုမာနေး တကျော့ပြန်တောက်ပလာတာကို ဒန်နီမေးလ် ထောက်ပြ

10:27 AM, 29 April

ပရီးမီးယားလိဂ်နောက်ခံလူဟောင်း ဒန်နီမေးလ်က လီဗာပူးကို ဒီယက်ဇ်ရောက်လာတာက မာနေးကို သူ့ရဲ့စွမ်းဆောင်ရည် မြှင့်တင်ဖို့ တွန်းအားပေးသလိုဖြစ်ခဲ့တယ်လို့ ထောက်ပြပြောဆိုလိုက်ပါတယ်။

မာနေးဟာ ၂၀၂၀ - ၂၁ ရာသီတုန်းက စွမ်းဆောင်ရည်ကောင်းတွေပြသဖို့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၄၈ ပွဲမှာ ၁၆ ဂိုးသွင်း ၊ ၉ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီစွမ်းဆောင်ရည်ကြောင့် လာမယ့် ၂၀၂၃ စာချုပ်သက်တမ်း ကုန်ချိန်မှာ လီဗာပူးက လက်လွှတ်ဖွယ်ရှိနေတယ်လို့ ယူဆရတာဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၃၀ အရွယ်ကစားသမားဟာ ဒီရာသီမှာတော့ ပြန်လည်တိုးတက်လာခဲ့ပြီး အထူးသဖြင့် နှစ်အစပိုင်းမှာ ၄၄ ပွဲကစားပြီး ၂၀ ဂိုးသွင်းယူပေးနိုင်ခဲ့ကာ ၃ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ မာနေးရဲ့ စွမ်းဆောင်ရည်တိုးတက်လာတာက မေးလ်က လီဗာပူးကို လူးဝစ်ဇ်ဒီယက်ဇ် ရောက်လာတာကြောင့်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“လီဗာပူးကို ဒီယက်ဇ်ရောက်လာတာက မာနေးရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးလိုက်တာပါပဲ။ တစ်စုံတယောက်က ဒီမှာရှိနေတဲ့အချိန်မှာ မင်းအနေနဲ့ တိုးတက်မှုမရှိဘူးဆိုရင် မင်းနေရာကို အဲ့တစ်ယောက် ယူသွားပါလိမ့်မယ်။ အဲ့တာက ဖြစ်လာမှာပါ။ ကစားသမားကောင်းတစ်ဦး ရောက်လာချိန်မှာဆိုရင် သူတို့က အဆင့်အတန်းတစ်ခုကို မြှင့်တင်ပေးပါတယ်။ သူတို့က ပြိုင်ပွဲအဆင့်အတန်းကို မြှင့်တင်ပေးပါတယ်။ သူတို့တစ်ခုခုလုပ်နေချိန်မှာ လူတိုင်းရဲ့ အဆင့်အတန်းကလည်း မြင့်တက်လာပါတယ်။ အခုဆို ဂျိုတာက နံပတ် ၁၀ နေရာ ၊ ဆာလက်က ညာဘက်နဲ့ ဒီယက်ဇ်က ဘယ်ဘက်မှာ ကစားနိုင်ပြီး မာနေးက အလယ်ဆင်းကစားနိုင်ပါတယ်။ အဲ့မတိုင်ခင် ဒီကစားသမားတွေ အံဝင်နိုင်ပါ့မလား တွေးနေကြမှာပါ။ အခုဆို မာနေးက အထောင်တိုက်စစ်မှူးဖြစ်နေပါပြီ”လို့ မေးလ်က ပြောကြားခဲ့ပါတယ်။

မာနေးဟာ အရင်တုန်းက ဘယ်တောင်ပံမှာ ကစားနေတာဖြစ်ပေမယ့် အခုချိန်မှာ ကလော့ပ်က နံပါတ် ၉ နေရာကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ဆီနီဂေါသားဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၁၀ ပွဲမှာ ၆ ဂိုးသွင်း ၊ ၂ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပြီး မန်စီးတီးနဲ့အက်ဖ်အေဖလားပွဲမှာလည်း ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ ဒီယက်ဇ်ကို ပေါင် ၃၇.၅ သန်းနဲ့ ပေါ်တိုကနေ ဇန်နဝါရီတုန်းက ခေါ်ယူခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်သား အသင်းမှာ အလျင်အမြန်အထိုင်ကျလာခဲ့တာဖြစ်ပါတယ်။ ဒီယက်ဇ်ဟာ လီဗာပူးအတွက် စုစုပေါင်း ၁၉ ပွဲပါဝင်ကစားပေးထားပြီး ၄ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ကိုလံဘီယာသားဟာ လီဗာပူးအသင်းဖလား ၄ လုံးချန်ပီယံဖြစ်ရေးမှာလည်း အဓိကနေရာကနေ ပါဝင်ကူညီနေပါတယ်။

#လီဗာပူး #မာနေး #ဒီယက်ဇ် #ဒန်နီမေးလ်