ရှေ့သို့
Image

မက်ဂွာရီ ရာသီကုန်ထိ နားရဖို့များတာကြောင့် အသင်းခေါင်းဆောင်ပြန်ရွေးချင်နေတဲ့ ရန်နစ်

10:37 AM, 28 April

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွာရီတစ်ယောက် ဒူးဒဏ်ရာကြောင့် ဒီရာသီ လက်ကျန်ပွဲအားလုံးကို လွဲချော်ဖို့ရှိနေတာကြောင့် ယာယီနည်းပြ ရာ့ဖ်ရန်နစ်က အသင်းခေါင်းဆောင်ရာထူးကို ပြန်လည်ရွေးချယ်ချင်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ယနေ့ည အိုးလ်ထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမယ့် ချဲလ်ဆီးနဲ့ပွဲမှာ ဒဏ်ရာရကစားသမားတွေ များနေခဲ့ပြီး စီနီယာကစားသမား ၁၄ ယောက်သာ ကစားဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။

ရက်နစ်ကတော့ မက်ဂွာရီရဲ့ ဒူးဒဏ်ရာဟာ အသေးစားဒဏ်ရာသာ ဖြစ်ပေမယ့် သတင်းတွေအရတော့ ယူနိုက်တက်ရဲ့ လက်ကျန်ပွဲစဉ် ၄ ပွဲစလုံးကို လွဲချော်နိုင်တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် ခြေစွမ်းဆိုးရွားမှုတွေကြောင့် အသင်းခေါင်းဆောင်ရာထူးပါ မရေမရာဖြစ်လာတဲ့ အင်္ဂလန်ခံစစ်မှူးအတွက်တော့ ဒီရာသီပွဲစဉ်တွေက ပြီးဆုံးသွားပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက အဲရစ်တန်ဟတ်လက်ထက်မှာရော မက်ဂွာရီက အသင်းခေါင်းဆောင် ဆက်ဖြစ်နိုင်မလားလို့ မေးမြန်းခဲ့ရာ ရန်နစ်ရဲ့အဖြေက မီးလောင်ရာလေပင့် ဖြစ်သွားခဲ့ပါတယ်။

ရန်နစ်က “ကျွန်တော့်အမြင်အရတော့ အသင်းခေါင်းဆောင်ဆိုတာ အသင်းကနေ မဲပေးရွေးချယ်ရတဲ့ သူလို့အပြည့်အ၀ ယုံကြည်ထားပါတယ်။ ဂျာမနီမှာတော့ အသင်းခေါင်းဆောင် ဖြစ်နိုင်တဲ့ ကစားသမား ၄၊ ၅ ယောက်လောက် ရွေးချယ်ပြီး အဲ့ဒီကစားသမားတွေထဲကနေ အသင်းသားတွေက မဲပေးပြီး ပြန်လည်ရွေးချယ်စေပါတယ်။ နောက်ရာသီကျ ကျွန်တော်ကနည်းပြမဟုတ်တော့ပေမယ့် တကယ်လို့ ကျွန်တော်သာ နည်းပြဖြစ်နေဦးမယ်ဆိုရင် အဲ့နည်းလမ်းကိုပဲ သုံးမှာပါ။ ဒါကအဲရစ်ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်သွားခဲ့ပါပြီ”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ဗဟိုခံစစ်ကစားသမား ရှာဖွေနေတာကြောင့် လက်စတာကနေ ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့လာတာ ၃ ရာသီပဲရှိသေးတဲ့ မက်ဂွာရီရဲ့ အိုးလ်ထရက်ဖို့ဒ်အနာဂတ်က မရေမရာဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေက အာဆင်နယ်နဲ့ပွဲမှာလည်း ၂၉ နှစ်အရွယ် ခံစစ်မှူးကို နည်းပြရန်နစ်က အရန်ခုံကိုပိုခဲ့ပါသေးတယ်။ အခုဆိုရင် ယူနိုက်တက်လူစာရင်းမှာ ပေါလ်ပေါ့ဂ်ဘာ၊ အက်ဒီဆင်ကာဗာနီ၊ ဖရက်ဒ်နဲ့ လုခ်ရှောတို့လည်း ဒဏ်ရာရ စာရင်းထဲမှာ ပါဝင်နေပြီး ချဲလ်ဆီးနဲ့ပွဲအတွက် လူငယ်ကစားသမား တစ်ချို့ကို လူစာရင်းထဲမှာ ထည့်သွင်းရနိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မက်ဂွါရီ #ရန်နစ်