ရှေ့သို့
Image

ချဲလ်ဆီးနဲ့ ပွဲကို အဓိက ကစားသမားအများအပြား လွဲချော်မယ်လို့ ရန်းနစ်အတည်ပြု

8:54 AM, 28 April

ယူနိုက်တက်အသင်းဟာ ချဲလ်ဆီးနဲ့ ပွဲမတိုင်ခင် မက်ဂွါရီ၊ ဆန်ချို၊ ဖရက်တို့ အပါအဝင် အဓိက ကစားသမားတွေ ဒဏ်ရာရနေကာ အကျပ်အတည်းနဲ့ ကြုံတွေ့နေခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ အဆင့်၄နေရာမျှော်လင့်ချက်အတွက် နောက်ထပ်အရေးပါတဲ့ ပွဲစဉ်အဖြစ် ချဲလ်ဆီးကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံသွားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ လီဗာပူးတို့ကို ဆက်တိုက်ရှုံးခဲ့တဲ့ ယူနိုက်တက်တို့ ယနေ့ညပွဲမှာ အဓိက ကစားသမားအများအပြားမပါပဲ ကစားရဖို့ ရှိနေပါတယ်။

မက်ဂွါရီဟာ အာဆင်နယ်ကို ၃-၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံထိုင်ခဲ့ရပြီး ယခု ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် ဒူးဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။ ဆန်ချိုက အဖျားဝေဒနာကြောင့် လွဲချော်မှာ ဖြစ်ပြီး ပေါ့ဂ်ဘာနဲ့ လုခ်ရှောတို့ကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် ဆက်လက်လွဲချော်မှာဖြစ်ကာ ကာဗာနီကတော့ ယခုအပတ်အကုန်ထိ လေ့ကျင့်ခန်း ဆင်းနိုင်ဖွယ် မရှိသေးပါဘူး။

ရန်းနစ်က “မနက်ဖြန် ကျွန်တော်တို့ အဓိက ကစားသမားအချို့ မပါပဲ ကစားရပါမယ်။ ဘစ်ဆာကာ ပါဝင်လာနိုင်ပြီး ဟယ်ရီက ဒူးမှာ ပြဿနာရှိနေကာ မနေ့ကနဲ့ ဒီနေ့ လေ့ကျင့်ခဲ့ခြင်း မရှိပါဘူး”“ပေါ့ဂ်ဘာ၊ လုခ်ရှောတို့လည်း လွဲဦးမှာပါ။ ဂျေဒန်က ဖျားနေပြီး မနေ့ကတည်းက အာသီးရောင်နေတာကြောင့် ဒီနေ့ မလေ့ကျင့်ခဲ့ရပါဘူး။ ဒါကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဆရာဝန်တွေရဲ့အပြောအရ ကာဗာနီကတော့ သောကြာနေ့ကျရင် လေ့ကျင့်နိုင်မှာပါ”လို့ ပြောခဲ့ပါတယ်။

ရန်းနစ်က အဲဗာတန်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဖရက်ဟာလည်း ပြန်ကစားနိုင်ဖို့ ကြံ့ခိုင်မှု ပြည့်၀နေခြင်း မရှိကြောင်း ပြောသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #မက်ဂွါရီ #ရန်းနစ်