ရှေ့သို့
Image

ယမန်နှစ်က ယူရိုပါလိဂ်မှာ ယူနိုက်တက်ကို အနိုင်ရလိုက်ခြင်းဟာ ဖာဂူဆန်ကို လက်စားချေခြင်းဟု ကိုကွီလင်ဆို

4:10 PM, 27 April

အဆိုပါအာဆင်နယ် ကစားသမားဟောင်းဟာ သူ အာဆင်နယ်အသင်းမှာ ကွင်းလယ်ဆော့ခဲ့စဉ်က သူ့ကို ပရီးမီးယားလိဂ်နဲ့ အဆင့်မမီဘူးဆိုပြီး ဖာဂူဆန်ပြောခဲ့တာကို ဒေါသအလွန်ထွက်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါမှတ်ချက်ကို ဆာအဲလက်ဖာဂူဆန်ဟာ နည်းပြဘဝကနေ သူအနားယူပြီး လအနည်းငယ်အကြာ ၂၀၁၃ ခုနှစ်မှာထုတ်ခဲ့တဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ ရေးသားထားခဲ့တာဖြစ်ပါတယ်။

ကိုကွီလင်ရဲ့ အာဆင်နယ်ပွဲဦးထွက်ဟာ ၂၀၁၁ ခုနှစ်က အိုးထရက်ဖို့ကွင်းမှာ ယူနိုက်တက်နဲ့ကန်ခဲ့တဲ့ပွဲဖြစ်ပြီး အဆိုပါပွဲမှာ အာဆင်နယ်ဟာ ယူနိုက်တက်ကို ၈-၂ နဲ့ ရှုံးခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါစာအုပ်မှာတော့ ဖာဂူဆန်ဟာ အဆိုပါအပြင်သစ်ကစားသမား ကိုကွီလင်ရဲ့ခြေစွမ်းနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ်အဆင့်မမီဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူ့အကြောင်းလည်း သိပ်မကြားဖူးသလို သူ ထပ်ပြီး ကစားရမယ်လို့ မထင်ပါဘူး”လို့ ဖာဂူဆန်က ဆိုပါတယ်။

ဒါပေမဲ့ ကိုကွီလင်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ဗီလာရီးရဲလ်က အမ်မရီရဲ့လက်အောက်မှာ အဓိက ကစားသမားတစ်ယောက်အဖြစ် ကစားနေခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၂၀ ခုနှစ်မှာ ဗလန်စီယာအသင်းကနေ ဗီလာရီးရဲလ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ကာ အာဆင်နယ် အသင်းနဲ့အတူ ပွဲပေါင်း ၁၆၀ ထွက်ခဲ့ပြီး အက်ဖ်အေဖလား ၂ လုံးလည်းရခဲ့ပါတယ်။ ကိုကွီလင်ဟာ ပြီးခဲ့တဲ့ရာသီတုန်းကတော့ ယူနိုက်တက်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့တဲ့ ဗီလာရီးရဲလ်အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကို ကိုင်မြောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အခုတော့ သူက ထိုရလဒ်ဟာ ဖာဂူဆန်ကို ပြန်လက်စားချေတာဖြစ်ကြောင်းကို “နည်းနည်းလက်စားချေတာလေးပါတာပေါ့။ ကျွန်တော် အာဆင်နယ်မှာ စပြီးပွဲဦးထွက်တုန်းက ဆာအဲလက်ဖာဂူဆန်က ကျွန်တော့်ကို ဝေဖန်ခဲ့တယ်။ ဒီတော့ သူတို့ကို ပြန်နိုင်ရတာ ကောင်းပါတယ်။ ဒါပေမဲ့ သူလည်း ပွဲကြည့်စင်မှာ ရှိနေမယ်ထင်တယ်။ ဒီတော့ သူ့ရှေ့မှာ ဖလားကို ကိုင်မြောက်ရတာ အရမ်းကောင်းပါတယ်။ ကျွန်တော် သူ့ကိုရှာနေတာ သူတွေ့မယ်ထင်တယ်”လို့ ဆိုပါတယ်။

ဒီရာသီဟာ ကိုကွီလင်အတွက် ပိုကောင်းလာနိုင်ခြေတွေရှိနေပါတယ်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုရင်တော့ ဗီလာရီးရဲလ်ဟာ ဂျူဗင်တပ်နဲ့ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူခဲ့လို့ပဲဖြစ်ပြီး သူတို့ဟာ ဆီမီးဖိုင်နယ်မှာ လီဗာပူးကိုပါ အနိုင်ယူဖို့ပြင်ဆင်ထားပုံပေါ်ပါတယ်။ ယနေ့ညမှာတော့ အဆိုပါအသင်းနှစ်သင်းယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး အဆင်မပြေမှုတွေ ရှိနေတဲ့ကြားက ဗီလာရီးရဲလ် အနိုင်ရသွားခဲ့ရင် ၃ ပွဲဆက်တိုက် အနိုင်ရတာဖြစ်သွားမှာဖြစ်သလို လီဗာပူးရဲ့ဖလား ၄ လုံးမျှော်လင့်ချက်လည်း ပျက်စီသွားမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #ဖာဂူဆန် #ကိုကွီလင်