ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်ကို အကြိတ်အနယ်ကစားပြီး အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းအပေါ် ဂုဏ်ယူမိကြောင်း ဂွါဒီယိုလာဖွင့်ဟ

8:56 AM, 27 April

ပက် ဂွါဒီယိုလာက မန်စီးတီးအသင်း ရီးရဲလ်မက်ဒရစ်ကို အကြိတ်အနယ်ကစားပြီး အနိုင်ရခဲ့ခြင်းအပေါ် ဂုဏ်ယူမိကြောင်း ပြောခဲ့ပေမဲ့ ပွဲကို အဆုံးမသတ်နိုင်ခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ရီးရဲလ်ကို အကြိမ်ကြိမ် ဦးဆောင်နိုင်ခဲ့ပေမဲ့ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် အီတီဟတ်မှာ ကပ်ပြီးတော့ပဲ အနိုင်ရခဲ့ပါတယ်။

ဂွါဒီယိုလာက “ဒီပွဲက တော်တော်လေး ကောင်းခဲ့ပြီး ၂သင်းစလုံးရဲ့ ကစားသမားတွေက အရည်အချင်းကောင်းတွေကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ရလဒ်က အဲ့ဒီလိုပဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အနိုင်ရခဲ့ပြီး လိဒ်စ်နဲ့ ရင်ဆိုင်ရမယ်။ ပြီးရင်တော့ လာမယ့်အပတ် စပိန်ကို သွားရပါမယ်။ ဒီပြိုင်ပွဲကို အနိုင်ရဖို့က ကျွန်တော့်ရဲ့ အတွေ့အကြုံအနည်းငယ်အရ ဒီလိုပွဲမျိုးတွေမှာ တွေ့ကြုံလာရတဲ့ အခြေအနေတွေကို ကျော်ဖြတ်သွားနိုင်ဖို့ လိုပါတယ်”

“ရလဒ်က ပိုကောင်းခဲ့သင့်ပေမဲ့ မက်ဒရစ်က အမြဲတမ်း မက်ဒရစ်ပါပဲ။ သူတို့ ဘယ်နှဂိုးနဲ့ရှုံးရှုံး သူတို့ အကောင်းဆုံး ကစားပြပါတယ်။ ကျွန်တော်တို့ ပထမအကျော့မှာ အရမ်းကောင်းခဲ့ပြီး ဒုတိယအကျော့မှာလည်း ဒီလိုပဲ ကစားနိုင်ရပါမယ်။ ကျွန်တော်တို့ အသင်း၁သင်းအနေနဲ့ အကောင်းဆုံး လုပ်နိုင်တယ်ဆိုတာ ပြသခဲ့ပြီး အဲ့ဒီကို အစမ်းသပ်ခံဖို့ သွားရပါမယ်”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်း အခွင့်အရေးတွေ လွဲချော်ခဲ့မှုနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက “ကျွန်တော်တို့ အခွင့်အရေးတွေ လွဲချော်ခဲ့ပေမဲ့ အခွင့်အရေးတွေကို ကျွန်တော်တို့ကပဲ ဖန်တီးခဲ့တာပါ။ ကျွန်တော်တို့ အမြဲတမ်း ဂိုးသွင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ ရလဒ်၊ စွမ်းဆောင်ရည်နဲ့ အခြားဘယ်အရာအတွက်မှ ကျွန်တော် စောဒကတက်စရာ မရှိပါဘူး”“ကျွန်တော် ကမ္ဘာ့အကောင်းဆုံးနဲ့ အတွေ့အကြုံအများဆုံး အသင်းနဲ့ ရင်ဆိုင်တဲ့အချိန် စွမ်းဆောင်ပြခဲ့တာတွေအတွက် အလွန်ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ နိုင်ပွဲရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး ဘောလုံးကိုင်ထားချိန်ရော၊ ဘောလုံးမရှိချိန်ပါ သတ္တိရှိရှိနဲ့ ကစားပြခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက “ကျွန်တော်တို့ ရီးရဲလ်နဲ့ ဒုတိယပိုင်းက ကစားပုံနဲ့ ကစားရင် သူတို့ကို မနိုင်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တောတို့ ဒီနေ့ည ကနဦး အချိန်တွေတုန်းကအတိုင်း ကစားရင်တော့ လုပ်နိုင်ပါလိမ့်မယ်။ ဘာနေဗြူးမှာ ကျွန်တော်တို့ အရေးပါတဲ့ တည်ဆောက်မှုတွေနဲ့ ပွဲကောင်း၁ပွဲ ဖန်တီးချင်ပါတယ်” “ကစားသမားတွေကိုလည်း အခြား ဘာကိုမှ မစဉ်းစားပဲ ဘာနေဗြူးမှာ ပွဲကောင်း၁ပွဲ ဖန်တီးပေးဖို့ပဲ ပြောခဲ့ပါတယ်။ အဲ့ဒါကပဲ နိုင်ပွဲကို ယူဆောင်လာပေးမှာပါ။ ဘယ်အသင်းမှာဖြစ်ဖြစ် ကိုယ့်ခြေစွမ်းအမှန်ကို ထုတ်ပြရမှာဖြစ်ပြီး အဲ့လိုမှ မဟုတ်ရင် နိုင်စရာအကြောင်း မရှိပါဘူး”လို့ ဆိုခဲ့ပါတယ်။

#မန်စီးတီး #ရီးရဲလ်မက်ဒရစ် #ဂွါဒီယိုလာ #ချန်ပီယံလိဂ်