ရှေ့သို့
Image

ဖလာမင်ဂို အသင်းနဲ့ အပြောင်းအရွှေ့ပျက်ခဲ့ရင် အသင်းကို ပြန်လာဖို့ ပါရဲယားကို တန်ဟတ် ပြော

3:08 PM, 26 April

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ အန်ဒရေးပါရဲယားကို နည်းပြသစ်အဲရစ်တန်ဟတ်က ဖလာမင်ဂို အသင်းကို ပြောင်းရွှေ့ဖို့ အဆင်မပြေခဲ့ရင် အသင်းကိုပဲ ပြန်လာဖို့ပြောခဲ့တယ်လို့ သိရပါတယ်။ ၂၆ နှစ်အရွယ် ကွင်းလယ်လူဟာ ဘရာဇီးကလပ်မှာ ကာလရှည်အငှားထွက်ကစားခဲ့ပြီးနောက် အပြီးသတ်ပြောင်းရွှေ့ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ပါရဲယားဟာ ဖလာမင်ဂိုအသင်းကို ပေါင် ၁၂ သန်းနဲ့ ခေါ်ယူချင်လောက်တဲ့အထိတော့ စွမ်းဆောင်ရည်ကောင်းတွေ မပြနိုင်ခဲ့သလို ဒီပြောင်းရွှေ့ကြေးကလည်း ဘရာဇီးကလပ်အတွက် တော်တော်လေး များပြားနေပါတယ်။ ဒါပေမယ့် ပါရဲယားကို ကမ်းလှမ်းလာတဲ့ အခြားအသင်းတွေတော့ ရှိနေပါသေးတယ်။

တန်ဟတ်ဟာ PSV အသင်းရဲ့ လက်ထောက်နည်းပြဘဝတုန်းက ဆယ်ကျော်သက်ကစားသမားလေး ပါရဲယားကို သင်ပြပေးခဲ့ဖူးတဲ့ ဆရာဟောင်းလည်းဖြစ်တာကြောင့် ပါရဲယားက တန်ဟတ်အကြိုက် ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ဖလာမင်ဂိုသာ ပါရဲယားကို မခေါ်ဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင် အိုးလ်ထရက်ဖို့ဒ်ကို ပြန်လာဖို့ ပြောခဲ့ကြောင်း EPSN က ဖော်ပြခဲ့ပါတယ်။ တန်ဟတ်က ယူနိုက်တက် အားကစားဒါရိုက်တာ ဂျွန်မားတုဂျ်ကလည်း အေဂျက်စ်နည်းပြဟာ ကွင်းလယ်ကစားသမားကို ယူနိုက်တက်မှာ ပြန်လည်မြင်တွေ့လိုကြောင်း ပြောထားပါတယ်။

ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ပေါလ်ပေါ့ဂ်ဘာ၊ နီမန်ဂျာမာတစ်နဲ့ မာတာတို့ကို ဆုံးရှုံးရမှာဖြစ်တာကြောင့် ကွင်းလယ်ကစားသမားတွေ ပိုလိုနေပြီး ပါရဲယားနဲ့ ဒွန်နီဗန်ဒီဘိခ်တို့က ယူနိုက်တက်ကွင်းလယ်မှာ နေရာ ရလာမယ့် ကစားသမားတွေ ဖြစ်ဖွယ်ရှိပါတယ်။ လက်ရှိယူနိုက်တက် ကွင်းလယ်မှာ ဖရက်ဒ်နဲ့ စကော့မက်တွန်မီနေး နှစ်ယောက်သာ ရှိတော့တာကြောင့် တန်ဟတ်က အနည်းဆုံး ကစားသမားသစ် တစ်ဦးတော့ ခေါ်ယူချင်နေပါတယ်။

ယူနိုက်တက်ဟာ တန်ဟတ်အတွက် ဒီနွေရာသီမှာ အပြောင်းအရွှေ့ အသုံးစရိတ် ပေါင်သန်း ၁၀၀ ကနေ ၁၅၀ ကြားသာ အသုံးပြုခွင့်ပေးမှာဖြစ်ပြီး လိုအပ်ရင်တော့ ကစားသမားတွေကို ရောင်းချပြီး ရရှိငွေကို သုံးဖို့ညွှန်ကြားထားပါတယ်။ အာရွန်ဝမ်ဘစ်ဆာကာ၊ ဖီးလ်ဂျုံးစ်၊ အဲရစ်ဘိုင်လီ၊ အန်တိုနီမာရှယ်နဲ့ အဲလက်စ်တဲလက်စ်တို့ကတော့ ရောင်းထုတ်ခံရဖို့များပြီး ဒီကစားသမား ၅ ယောက်အတွက် ကမ်းလှမ်းမှုတွေကို ယူနိုက်တက်က နားစွင့်လျက်ရှိပါတယ်။

ဂိုးသမားဒင်းဟန်ဒါဆန်ကလည်း ပထမအသင်းမှာ နေရာရရှိလိုတာကြောင့် အသင်းကနေ ထွက်ခွာဖို့များပြီး ဟန်ဒါဆန်ကိုတော့ အငှားနဲ့ပဲ ထွက်ခွာခွင့်ပေးသွားဖွယ် ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပါရဲယား #ဖလာမင်ဂို #တန်ဟတ်