ရှေ့သို့
Image

အန်ဖီးလ်ကွင်းသို့ ဘောလုံးပွဲကြည့်ရန် အပျော်ခရီးထွက်လာတာ မဟုတ်ဘူးလို့ ပြောလာတဲ့ ကိုကွီလင်

1:26 PM, 26 April

အန်ဖီးလ်ကွင်း၌ ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ဗီလာရီးရဲလ်အနေဖြင့် ပွဲကြည့် ပရိသတ်အဖြစ် ရောက်ရှိလာခြင်းမဟုတ်ကြောင်း သတိပေးခဲ့သလို အောက်အသင်းအဖြစ် သတ်မှတ်ခံထားရသော်လည်း လီဗာပူးကို အကောင်းဆုံး ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားကြောင်း ကွင်းလယ်လူ ကိုကွီလင်က ပြောသည်။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့အဖြစ် ကိုကွီလင်နှင့် အသင်းသားများသည် မာဆေးဆိုဒ်သို့ လာမည့် ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိလာမည်ဖြစ်ပြီး အာဆင်နယ်ကစားသမားဟောင်း ကိုကွီလင်အပါအဝင် ပရီးမီးယားလိဂ် ကစားသမားဟောင်းများစွာ ဗီလာရီးရဲလ်အသင်း၌ ပါဝင်လာမည်ဖြစ်သည်။ ကြိုးကြာနီတို့၏အမှတ်တံဆိပ် ကွင်းကြီးနှင့်အတူ ပြိုင်ဘက်ပရိသတ်တို့၏ အားပေးမှုက ဗီလာရီးရဲလ်အပေါ် မခြိမ်းခြောက်နိုင်ကြောင်း ပြင်သစ်လူမျိုးကွင်းလယ်လူက ကြုံးဝါးသည်။

“လီဗာပူးက ဖိအားပေးကစားတာ အတော်လေးကောင်းတဲ့ အသင်းပါ။ သူတို့ရဲ့ အားနည်းချက်ဆိုတာလည်း ကျွန်တော် မမြင်မိဘူး။ တိုက်စစ်ကစားတာကောင်းသလို ခံစစ်မှာလည်း မာတစ်နဲ့အပြိုင် ကိုနာတေးလည်း ရှိနေတယ်။ ခံစစ်အစွန်လူတွေကလည်း အခြေခံအားဖြင့် တိုက်စစ်မှူးတွေနဲ့ တူညီနေပြန်တယ်။ မာနေးနဲ့ မိုဆာလက်တို့လို ဘော်လွန်းဒီအော်ဆုအတွက် တိုက်ပွဲဝင်နေတဲ့ တိုက်စစ်မှူးနှစ်ဦးလည်းရှိတယ်။ အခု လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူထားခဲ့တယ်။ ဒီယက်ဇ်ကလည်း အဲ့ဒီမှာ ငါးနှစ်လောက် ကစားဖူးတဲ့ပုံစံမျိုးနဲ့ အသင်းအတွက် ခြေစွမ်းပြနေတယ်။ သူတို့အသင်းကတော့ ဥရောပရဲ့ အကောင်းဆုံးအသင်းဖြစ်တယ်ဆိုပေ မယ့် ဘောလုံးသမားတစ်ယောက်အတွက်တော့ မင်း ဘာလုပ်မလဲ? ဒီလိုပွဲစဉ်တွေကို ကစားဖို့ ဥရောပတလွှား ခရီးထွက်နေရမှာပဲ။ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲတစ်ပွဲကစားဖို့ ကျွန်တော်တို့ ဦးခေါင်းထဲမှာ အိပ်မက်တစ်ခုအဖြစ် ရှိနေတယ်။ ဒီခရီးလမ်းက ကြမ်းတမ်းတယ်ဆိုတာ ကျွန်တော်တို့သိပေမယ့် အသင်းအနေနဲ့ရော၊ တစ်မြို့လုံးရော စိတ်လှုပ်ရှားနေကြပါပြီ။ ဒါက ခက်ခဲပေမယ့် ကျွန်တော်တို့မှာ ယုံကြည်ချက်ရှိပါတယ်။ ကျွန်တော်တို့အသင်းက ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်တို့ကို ဖြုတ်ချပြီးနောက်မှာ အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ဖို့ ဖြစ်လာပါပြီ။ အန်ဖီးလ်ကွင်းထဲမှာ ဘောလုံးပွဲကြည့်ဖို့ ကျွန်တော်တို့ရောက်လာတာ မဟုတ်ဘူး” ဟု ကိုကွီလင်က ဆိုသည်။

အသက် ၃၀ နှစ်အရွယ် ကစားသမားသည် ၂၀၀၈ ခုနှစ်တွင် အာဆင်နယ် အတွက် ပွဲထွက်လာခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုကြာကာလအတွင်း ကလပ်အတွက် ၁၆၀ ပွဲ ကစားပေးခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် အာဆင်နယ်မှ ဗလင်စီယာသို့ ပြောင်းရွှေ့ခဲ့သော ကိုကွီလင်သည် ၂၀၂၀ ပြည့်နှစ်တွင် ဗီလာရီးရဲလ်အသင်းသို့ ပြောင်းရွှေ့ကာ အသင်း၏ အဓိကကွင်းလယ်လူတစ်ဦး ဖြစ်လာခဲ့သည်။

ယခုရာသီတွင် အာဆင်နယ် နည်းပြဟောင်း အူနိုင်းအမ်မရီ၏ ဦးဆောင်မှုဖြင့် ဗီလာရီးရဲလ်သည် ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်ကဲ့သို့ ဥရောပထိပ်သီးကလပ်များကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်လာခဲ့သည်။

#လီဗာပူး #ဗီလာရီးရဲလ် #ချန်ပီယံလိဂ် #ကိုကွီလင်