ရှေ့သို့
Image

ရော်နယ်ဒိုက အရေးပါလာလိမ့်မယ်လို့ တန်ဟတ်ကို ဗန်ဘက်စတန် အကြံပေး

10:55 AM, 25 April

နယ်သာလန်ဂန္တဝင်တိုက်စစ်မှူး မာကိုဗန်ဘက်စတန်က အဲရစ်တန်ဟတ်မန်ချက်စတာယူနိုက်တက်မှာ အောင်မြင်ဖို့အတွက် ခရစ္စတီယာနိုရော်နယ်ဒိုက အဓိကကျလာလိမ့်မယ်လို့ အကြံပေးခဲ့ပါတယ်။ တန်ဟတ်ဟာ အဓိကကစားသမားအများစု အသင်းကနေ ထွက်ခွာမယ့် ရာသီကုန်မှာ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာမှာလည်း ဖြစ်ပါတယ်။

ပေါလ်ပေါ့ဂ်ဘာ၊ အက်ဒီဆင်ကာဗာနီနဲ့ ဂျက်ဆီလင်ဂတ်အပါအဝင် ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်ကစားသမား အများအပြားပါဝင်လျက်ရှိပြီး နီမန်ဂျာမာတစ်ကတော့ အသင်းကထွက်ခွာဖို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မသေချာတော့တာကြောင့် ရော်နယ်ဒိုရဲ့ အနာဂတ်ကလည်း မရေရာတဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပြီး တန်ဟတ်ကိုယ်တိုင်က ရော်နယ်ဒိုက လာမယ့်ရာသီ သူ့ရဲ့အစီအစဉ်တွေမှာ ပါဝင်ဖို့မသေချာဘူးဆိုတာကို လက်ခံယုံကြည်ထားကြောင်း သတင်းတွေက ဖော်ပြကြပါတယ်။

ယူနိုက်တက်အတွက် နောက်ဆုံး ကစားခဲ့တဲ့ နောဝစ်ချ်ကို အနိုင်ရတဲ့ ပွဲစဉ်နဲ့ အာဆင်နယ်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေထဲမှာတော့ ရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့ ချွင်းချက်မရှိ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ဗန်ဘက်စတန်က ရော်နယ်ဒိုဟာ တန်ဟတ်အသင်းမှာလည်း အကောင်းဆုံး အံဝင်ပြီး တန်ဟတ်ကို အိုးလ်ထရက်ဖို့ဒ်မှာ အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်မယ့်သူအဖြစ် ထောက်ခံခဲ့ပါတယ်။

ဗန်ဘက်စတန်က “ရော်နယ်ဒိုသာ ပြီးခဲ့တဲ့တစ်ပတ်ပွဲစဉ်(နောဝစ်ချ်နဲ့)တုန်းကလိုသာ တစ်ပွဲကို ၂ ဂိုး ၃ ဂိုးသွင်းနိုင်လို့ကတော့ သူ့ကိုအသင်းကနေ ထွက်ခွာခွင့်ပေးစရာအကြောင်း မရှိပါဘူး။ ရော်နယ်ဒိုက သူ့ဟာနဲ့သူ ကောင်းပြီးသားပါ။ သူ့ဆီကိုဘောလုံးရောက်အောင် ပို့ဖို့လိုတယ်၊ သူ့ကိုနေရာလွတ်တွေရအောင် ဖန်တီးပေးဖို့လိုပါတယ်။ တန်ဟတ်ကလည်း ရော်နယ်ဒို့ဆီကနေ ကြံ့ခိုင်မှုပိုင်းနဲ့ ဆိုင်တဲ့တောင်းဆိုမှုမျိုး လုပ်မှာမဟုတ်ပါဘူး။ တကယ်လို့ ရော်နယ်ဒိုသာ ၁၈ နှစ်အရွယ်ဆိုရင်တော့ သေချာပေါက် တောင်းဆိုမှုတွေ များပါလိမ့်မယ်။ ရော်နယ်ဒိုလည်း အလုပ်ကြိုးစားဖို့လိုလိမ့်မယ် ဒါပေမယ့် သူကပြောစရာမလိုအောင် ကြိုးစားပြီးသားပဲ။ တန်ဟတ်သာ သူလိုချင်တဲ့အတိုင်း ရော်နယ်ဒိုကို ကစားခိုင်းနိုင်ရင် အဆင်ပြေပြီ။ ကျွန်တော်အဲရစ်ကို ပေးချင်တဲ့ အကြံသေးသေးလေးကတော့ မင်းအလုပ်စလုပ်ပြီဆိုတာနဲ့ ဘယ်မီဒီယာရဲ့ အသံကိုမှနားမထောင်ပါနဲ့။ သူကသူ့အလုပ်သူ အာရုံစိုက်မှုအရမ်းကောင်းတယ်၊ အထူးသဖြင့် ထရိန်နင်တွေ၊ အသင်းသားတွေနဲ့ ဆက်ဆံရေးတွေပဲ။ ဒါတွေသာ သူလုပ်နိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်မှာ အရာအားလုံးကို သူပြောင်းလဲနိုင်ပါလိမ့်မယ် ” လို့ ပြောသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #နယ်သာလန် #ရော်နယ်ဒို #အဲရစ်တန်ဟက် #ဗန်ဘက်စတန်