ရှေ့သို့
Image

အိုရီဂီအား သက်ရှိဂန္တဝင်ကစားသမားတစ်ဦးအဖြစ် တင်စားချီးကျူးလိုက်တဲ့ ယာဂန်ကလော့ပ်

10:48 AM, 25 April

မန်စီးတီးနောက် ထပ်ချပ်မကွာဖိအားပေးနေသော လီဗာပူးအတွက် ဗျာများစရာ မာဆေးဆိုဒ်ဒါဘီပွဲမှာ အသင်းအတွက် သက်ရောက်မှုများရှိစေခဲ့သော တိုက်စစ်မှူး အိုရီဂီအား လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က သက်ရှိဂန္တဝင်ကစားသမားတစ်ဦးအဖြစ် တင်စားချီးကျူးခဲ့သည်။

ပွဲချိန်မိနစ်အများစုမှာ လီဗာပူးအသင်းအတွက် မောပန်းစရာများဖြင့် ပြည့်ခဲ့သော်လည်း မိနစ် ၆၀ တွင် ကွင်းအတွင်းသို့ အိုရီဂီ လူစားလဲဝင်ရောက်လာပြီးနောက် သူရဲ့ ပထမဆုံးဘောလုံးထိချက်နဲ့အတူ မိုဆာလက်နှင့် အပေးအယူလုပ်ကာ အဲဗာတန်၏ ခံစစ်သေကို ထိုးဖောက်နိုင်ဖို့ ရောဘတ်ဆန် သွင်းယူခဲ့သော ဦးဆောင်ဂိုးတွင် ကစားကွက်၌ ကြီးမားစွာ ပါဝင်ပတ်သက်ခဲ့သည်။

စာချုပ်သစ်အတွက် လုံလောက်တဲ့ ပွဲကစားမှုမရှိခဲ့သော ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားသည် လာမည့်နွေရာသီတွင် အန်ဖီးလ်မြေမှ ထွက်ခွာ၍ အေစီမီလန်အသင်းသို့ ပြောင်းရွှေ့သွားဖွယ်ရှိပြီး ယခုပွဲစဉ်တွင်လည်း ပွဲချိန် ၈၅ မိနစ်တွင် ဒီယက်ဇ်ထံမှ မြေထောက်လာသော ဘောလုံးကို အိုရီဂီက ခေါင်းခုန်တိုက်ကာ အသင်းအတွက် အနိုင်သေချာစေမည့် ဂိုးကို သွင်းယူပေးခဲ့သည်။ ပရီးမီးယားလိဂ်ခေတ်တလျှောက် ကလပ်ဂန္တဝင် ဂျရတ်၏ မြို့ခံပြိုင်ဘက်အဲဗာတန်အား သွင်းယူခဲ့သော သွင်းဂိုး ၉ ဂိုးပြီးနောက် အိုရီဂီ၏ အဲဗာတန်အား ၆ ဂိုး သွင်းယူမှုမှာ အများဆုံးဖြစ်လာခဲ့သည်။

“အိုရီဂီက ကွင်းတွင်းကွင်းပြင် ဂန္တဝင်တစ်ဦးပါ။ ကျွန်တော့်အတွက်တော့ သိပ်ကောင်းတဲ့ ဘောလုံးသမားပဲ။ သူရှိနေခဲ့ချိန်မှာ သူက ကမ္ဘာ့အဆင့်တိုက်စစ်မှူး၊ ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံးတိုက်စစ်သမားပဲ။ လူတိုင်းကလည်း ဒီလိုပဲ ပြောကြပါတယ်။ လေ့ကျင့်ရေး အစီအစဉ်တွေမှာလည်း သူက အရမ်းကောင်းတယ်။ ဒါပေမယ့် အသင်းပွဲထွက်စာရင်းမှာ သူ့ကို မထည့်နိုင်ပြန်ဘူး။ ဒါက အရမ်းကို ခက်ခဲပါတယ်။ တကယ်ကို ဆုံးဖြတ်ဖို့ ခက်ခဲတဲ့ အခြေအနေတစ်ခုပါပဲ။ ကျွန်တော်တို့ ရှိနေတဲ့ အခြေအနေတိုင်းအား ကောင်လေးတွေအားလုံး တာဝန်ယူတာဝန်ခံကြလေ့ ရှိပါတယ်။ လူတိုင်းကလည်း အိုရီဂီကို ချစ်ခင်ကြပါတယ်။ ဒါကလည်း သဘာဝကျပါတယ်။ သူအနေနဲ့ နောက်တစ်ကြိမ် ပြတ်ပြတ်သားသားလုပ်နိုင်ခဲ့ပါပြီ”ဟု ကလော့ပ်က ဆိုသည်။

အိုရီဂီကို အခြားတိုက်စစ်မှူးနှင့်နှိုင်းယှဉ်လျှင် အမြဲတမ်းလျှော့တက်ခံခဲ့ရသည်။ ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ချန်ပီယံဆုရှင် လီဗာပူးအတွက် သွင်းဂိုးများဖြင့် ကူညီပေးခဲ့သော ကစားသမားအပေါ် ပရိသတ်များက ချစ်ခင်မြတ်နိုးကြပြီး လီဗာပူးအသင်းတွင် သူ၏ နေရာရမှုအပေါ် အိုရီဂီက “ကျွန်တော်တို့ အနိုင်သုံးမှတ်အတွက် အလုပ်ကို ပြင်းပြင်းထန်ထန်လုပ်ခဲ့ရုံပါပဲ။ ကျွန်တော်တို့ ရှေ့ကို ဆက်လျှောက်ရပါလိမ့်မယ်”ဟု ရှင်းပြသည်။

#လီဗာပူး #မန်စီးတီး #အိုရီဂီ #ကလော့ပ်