ရှေ့သို့
Image

အာဆင်နယ်ပစ်မှတ် ဂျီးဆပ်စ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဘာမှမသေချာပါဘူးလို့ ဂွါဒီယိုလာဝန်ခံ

12:57 PM, 24 April

မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာက ယမန်နေ့ ဝက်ဖို့ဒ်နဲ့ပွဲမှာ ၄ဂိုးသွင်းပြခဲ့တဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်စ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မသေချာပါဘူးလို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ ဂျီးဆပ်စ်ကို ခေါ်ယူရန် လှုပ်ရှားနေကြောင်း သောကြာနေ့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အာဆင်နယ် နည်းစနစ်ဒါရိုက်တာ အီဒူနဲ့ ဂျီးဆပ်စ်ရဲ့ ကိုယ်စားလှယ်တွေကြား လပေါင်းများစွာ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ယုံကြည်ရကြောင်း The Athleticက ဖော်ပြခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် စျေးကွက်အတွင်း တိုက်စစ်မှူး ရှာဖွေလျက် ရှိနေပြီး ဂျီးဆပ်စ်က ပစ်မှတ်တစ်ခု ဖြစ်နေခဲ့ပါတယ်။

ဘရာဇီးသားဟာ ယမန်နေ့ညပွဲစဉ်အတွင်း ပွဲချိန် ၄မိနစ်မှာတင် ဦးဆောင်ဂိုးသွင်းကာ မိနစ်၆၀အတွင်း ၃ဂိုးထပ်သွင်းပြီး အရည်အသွေးတွေကို ပြသခဲ့ပါတယ်။
ပွဲအပြီးမှာ ဂွါဒီယိုလာက “ကျွန်တော် ခင်ဗျားတို့ကို တစ်ခုပြောပြချင်ပါတယ်။ ဂါဘရီရယ်က ကျွန်တော်တို့ရဲ့ ကစားသမား ဖြစ်ပါတယ်။ ဘာဖြစ်လာမယ်ဆိုတာ မသိပေမဲ့ သူက စီးတီး ကစားသမားပါ”

“ဒါပေမဲ့ သူ ဘာလုပ်ပြနိုင်လဲဆိုတာ ပြသဖို့ ဒီနေ့လို ၄ဂိုးသွင်းတာမျိုးတွေ လုပ်ပြစရ မလိုပါဘူး။ လီဗာပူးနဲ့ အက်ဖ်အေဖလားပွဲတုန်းက သူ တစ်ယောက်ချင်း အပိုင်၂ကြိမ်ကန်ရပေမဲ့ လွဲခဲ့ပါတယ်။ ဒါပေမဲ့ သူက အသင်းအတွက် အမြဲအကောင်းလုပ်ပေးဖို့ စဉ်းစားနေတတ်သူ ဖြစ်တာကြောင့် ဒီနေ့လို လုပ်ပြနိုင်ခဲ့တာပါ”

“သူ ဘောလုံးမရချိန်မှာလည်း အခြားအရာတွေ လုပ်နေတုန်းပါပဲ။ သူက အသင်းအတွက် အမြဲရှိနေတတ်သူ ဖြစ်တာကြောင့် ခုလိုညမျိုး သူပိုင်ဆိုင်သွားတာ ကျွန်တော် ဝမ်းသာပါတယ်။ သူက အကောင်းမြင်စိတ်ရှိပြီး အသင်းအတွက် တွေးတောနေတတ်သူ ဖြစ်တာကြောင့် အောင်မြင်တဲ့ ကစားသမားဘ၀ကို ပိုင်ဆိုင်ဦးမှာပါ”လို့ ပြောခဲ့ပါတယ်။

ဂျီးဆပ်စ်ကို ဆက်ရှိစေချင်လားမေးတဲ့အခါ ဂွါဒီယိုလာက “ကျွန်တော်တို့ ဒီနှစ် လုပ်ပြခဲ့တာတွေကို ဂါဘရီရယ်နဲ့အတူ လုပ်ပြခဲ့တာဖြစ်ပြီး သူက အကောင်းဆုံးထဲက ၁ယောက် ဖြစ်ပေမဲ့ ကစားသမားအားလုံးက မိနစ်၉၀ပြည့် ပွဲတိုင်းကစားရတဲ့အခါ ၀မ်းသာကြပါတယ်”

“ရာသီကုန်ရင်တော့ သူ စာချုပ်သက်တမ်းတိုးမယ်၊ မတိုးဘူးဆိုတာ သူ ပြောပါလိမ့်မယ်။ ဒါမှမဟုတ် ဒီမှာ ပွဲချိန်ပိုပြီး ကန်ချင်တယ်လို့လည်း ပြောရင်ပြောပါမယ်။ ဘယ်သူမှ မသိနိုင်ပါဘူး။ အခုတော့ အဲ့ဒီအကြောင်း ဂရုမစိုက်အားပါဘူး။ ကျွန်တော်တို့ ၇ပွဲလောက် ကစားဖို့ ကျန်ပါသေးတယ်။ လက်ရှိတော့ အဲ့ဒီအကြောင်းပဲ စဉ်းစားထားပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဂျီးဆပ်စ်ဟာ ယခုနှစ်ရာသီ ပွဲချိန်အကန့်အသတ်နဲ့သာ ကစားနေရပြီး ဟာလန်းသာ လာမယ့်ရာသီ ရောက်လာရင် ပွဲထွက်ခွင့်အတွက် ပိုရုန်းကန်ရဖို့ ရှိနေပါတယ်။
မန်စီးတီးအသင်းဟာ ယမန်နေ့ညပွဲစဉ်အပြီး မာဆေးဆိုက်ဒါဘီ မကစားရသေးတဲ့ လီဗာပူးကို ၄မှတ် ဖြတ်ထားခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဂျီးဆပ်