ရှေ့သို့
Image

အသင်းဖော်ချင်း ပြဿနာဖြစ်နိုင်တဲ့ အပြုအမူမျိုးထပ်မလုပ်ဖို့ ဘိုင်လီကို ရန်နစ်သတိပေး

2:25 PM, 23 April

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြကြီး ရာ့ဖ်ရန်နစ်ကတော့ ယူနိုက်တက်အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွာရီကို ချန်လှပ်ဖို့တောင်းဆိုထားတဲ့ မှတ်ချက်ကို ထောက်ခံတဲ့မှတ်ချက် ပြန်ရေးခဲ့တဲ့ အဲရစ်ဘိုင်လီရဲ့ လုပ်ရပ်ဟာ “ ဘောလုံးအသင်းတစ်သင်းမှာ မရှိသင့်ပါဘူး” ဆိုပြီး သတိပေးခဲ့ပါတယ်။

ယူနိုက်တက် တရားဝင်အကောင့်ကနေ နည်းပြသစ်အဲရစ်တန်ဟတ်ကို ကြေညာထားတဲ့ ပို့စ်အောက်မှာ ပရိသတ်တစ်ယောက်က “အဲရစ်ဘိုင်လီနဲ့ ဗာရာနီကို တွဲကစားခိုင်းပါ”လို့ မှတ်ချက်ပေးခဲ့ပြီး အဆိုပါမှတ်ချက်ကို ဘိုင်လီက “ကျေးဇူးပြုပြီး အဲ့လိုဖြစ်ပါစေ ” ဆိုပြီး ရယ်နေတဲ့ အီမိုဂျီရယ်၊ ဆုတောင်းနေတဲ့ အီမိုဂျီလေးရယ်ကို ဝင်ရေးခဲ့ပါတယ်။

ဘိုင်လီနဲ့မက်ဂွာရီတို့ရဲ့ သဘောထားမတိုက်ဆိုင်မှုဟာ အဝတ်လဲခန်းထဲမှာပဲ ထိန်းသိမ်းထားတဲ့ အဆိုးရွားဆုံး လျှို့ဝှက်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင်ဟာ အဓိကနောက်ခံလူ ရာဖေးလ်ဗာရာနီ ဒဏ်ရာကြောင့် မပါဝင်နိုင်တာတောင်မှ လီဗာပူးနဲ့ပွဲမှာ အသုံးပြုခဲ့တဲ့ ဗဟိုခံစစ်ကစားသမား ၃ ယောက်ထဲကို ပါဝင်ခွင့် မရခဲ့ပါဘူး။

၂၇ နှစ်အရွယ်ရှိ ဘိုင်လီဟာ ဒီရာသီမှာ ယူနိုက်တက်အတွက်  ၇ပွဲသာ ကစားခွင့်ရရှိထားပြီး လွန်ခဲ့တဲ့ ၂ နှစ်အတွင်း  ၂ ပွဲသာ ကစားထားရတဲ့ ဖီးလ်ဂျုံးစ်ကတောင်မှ ဘိုင်လီထက် ဒီရာသီမှာ ပွဲထွက်လူစာရင်းထဲကို ပါဝင်ခွင့် ရရှိနေပါသေးတယ်။ သောကြာနေ့ ညနေပိုင်းက သတင်းစာရှင်းလင်းပွဲမှာတော့ ဘိုင်လီရဲ့ ဆိုရှယ်မီဒီယာပို့စ်တွေကို တစ်ခုမှမသိတဲ့ နည်းပြရန်နစ်အနေနဲ့ ဘိုင်လီအခုလို မှတ်ချက်ပြန်ရေးထားတာကို သိပါလားလို့ သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။

ရန်နစ်က “ကျွန်တော်အင်စတာဂရမ် မသုံးပါဘူး။ ဒီမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် မသိပဲနဲ့တော့ ကျွန်တော့်ကစားသမားတွေအကြောင်းကို ပြောမှာမဟုတ်ပါဘူး။ အဓိပ္ပာယ်လည်း မရှိဘူး။ သေချာပေါက် ပြောနိုင်တာကတော့ ကျွန်တော်ဘဝမှာ အင်စတာဂရမ်ကို ထိတောင်မထိခဲ့ဖူးတာပဲ။ တကယ်လို့ ခင်ဗျားတို့ပြောတာသာ အမှန်ဆိုရင်တော့ ဘယ်လိဂ်က ဘယ်လိုအသင်းမျိုးမှာမဆို မရှိသင့်တဲ့ ကိစ္စမျိုးပဲ ” လို့ ပြန်ပြောသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဘိုင်လီကိုနွေရာသီ အပြောင်းအရွှေ့မှာ အရောင်းစာရင်းတင်ထားပါတယ်။ ၂၀၁၆ ခုနှစ်က ဗီလာရီးရဲလ်ကနေ ပေါင်သန်း ၃၀ နဲ့ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းအတွက် ၁၁၃ ပွဲသာကစားခွင့် ရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဘိုင်လီထက် ၃ နှစ်ခွဲ နောက်ကျပြီးမှ ရောက်လာတဲ့ ဘရူနိုဖာနန်ဒက်စ်ကတောင်မှ သူ့ထက်ပွဲပိုကစားခွင့် ရရှိနေပြီ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘိုင်လီ #ရန်နစ်