ရှေ့သို့
Image

ဗုံးနဲ့ ခြိမ်းခြောက်လည်း အသင်းကနေ ထွက်မှာမဟုတ်ဘူးဆိုတဲ့ မက်ဂွာရီ

9:11 AM, 22 April

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွာရီကတော့ အီးမေးလ်ကနေ ချက်ရှိုင်းယားနေအိမ်ကို ဗုံးခွဲမယ်ဆိုပြီး ခြိမ်းခြောက်ပြီး အသင်းကနေ အတင်းထွက်ခိုင်းလို့ မရပါဘူးလို့ ပြောခဲ့ကြောင်းသတင်းတွေက ဖော်ပြခဲ့ပါတယ်။

၂၉ နှစ်အရွယ် မက်ဂွာရီဟာ ချက်ရှိုင်းယားဒေသ ဝင်မ်စလိုမြို့မှာ ဇနီးဖန်ဟော်ကင်းစ်ရယ် ကလေးနှစ်ယောက်ရယ်နဲ့ အတူ နေထိုင်လျက်ရှိပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ခြိမ်းခြောက်မှုနဲ့ ပက်သက်လို့ မက်ဂွာရီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက“ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သူ့ရဲ့မိသားစုနေအိမ်ကို ခြိမ်းခြောက်မှုတစ်ခု ရရှိခဲ့ပါတယ်။ မိသားစုဘေးကင်းရေးက ဟယ်ရီ့အတွက် နံပါတ်တစ်အရေးအကြီးဆုံး ဖြစ်ပါတယ်။ ပိတ်ရက်မှာ ကစားရမယ့် ပွဲစဉ်အတွက် ပုံမှန်အတိုင်း ပြင်ဆင်နေပါတယ်”လို့ ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

မက်ဂွာရီရဲ့နေအိမ်ကို ဗုံးရှာခွေးတွေနဲ့ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ချက်ရှိုင်းယားရဲဌာနက “ဘေးကင်းရာကို ရွှေ့ပြောင်းစရာတော့ မလိုပါဘူး ဒါပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့တော့ ခြံထဲမှာရော အနီးပတ်ဝန်းကျင်မှာပါ ဗုံးရှာခွေးတွေနဲ့ လှည့်လည်ရှာဖွေထားပါတယ်။ သံသယဖြစ်စရာ တစ်စုံတစ်ခုတော့ တွေ့ရတာမျိုး မရှိပါဘူး”လို့ ပြောခဲ့ပါတယ်။

မက်ဂွာရီဟာ ဒီရာသီတစ်လျှောက်လုံးမှာ ဝေဖန်မှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပြီး အင်္ဂါနေ့က အန်ဖီးလ်မှာ လီဗာပူးကို ၄-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ အခုလိုမျိုးခြိမ်းခြောက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ သတင်းရင်းမြစ်တစ်ခုကတော့ အခုလိုမျိုးခြိမ်းခြောက်တာဟာ သူရဲဘောကြောင်တဲ့ ပရိသတ်တစ်ချို့က လုပ်နေတာလို့ မက်ဂွာရီက ယုံကြည်နေကြောင်း ပြောခဲ့ပါတယ်။

အဆိုပါသတင်းရင်းမြစ်က “ဒီလိုခြိမ်းခြောက်မှုမျိုးနဲ့တော့ ဟယ်ရီ့ကိုအသင်းကနေ ထွက်ခွာအောင် ဖိအားပေးလို့မရပါဘူး။ သူ့ရဲ့နံပါတ်တစ်ဦးစားပေးက သူ့မိသားစုဘေးကင်းရေးပါ ဒါပေမယ့် ဒီကိစ္စကို ရင်ဆိုင်ဖြေရှင်းဖို့အတွက်လည်း သူ့မှာအင်အားရှိပါတယ်။ ဒီလိုခြိမ်းခြောက်တာကလည်း သူရဲဘောကြောင်တဲ့ ပရိသတ်တစ်ချို့လုပ်နေတာပါ။ ဒီကိစ္စသာ သက်သေပြနိုင်ခဲ့ရင်တော့ အဲ့ဒီလူတွေက ဒီလိုဂုဏ်သတင်းကြီးမားတဲ့ အသင်းတစ်သင်းကို သိက္ခာချနေကြတဲ့ သူတွေပါပဲ။ ဒီသတင်းက ဟယ်ရီတို့မိသားစုကို တုန်လှုပ်သွားစေပေမယ့် အားလုံးအဆင်ပြေကြပါတယ်။ မိသားစုဘေးကင်းရေးအတွက်ဆိုရင် ဟယ်ရီကဘာမဆိုလုပ်သွားမှာပါ။ရ ရဲတွေကလည်း အိမ်ကိုသေချာ ရှာဖွေခဲ့ပြီး သူတို့ပိုပြီးဘေးကင်းတယ်လို့ ခံစားရမယ်ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

နည်းပြရာ့ဖ်ရန်နစ်ရဲ့ အသင်းဟာ အာဆင်နယ်နဲ့ စနေနေ့ညနေမှာ အဝေးကွင်းမှာ သွားရောက် ကစားရမှာလည်း ဖြစ်ပါတယ်။
#မန်ချက်စတာယူနိုက်တက် #မက်ဂွါရီ #ရန်နစ်