ရှေ့သို့
Image

ဂွါဒီယိုလာလက်ထက် ပရီးမီးယားလိဂ်ပွဲထွက်ခွင့် ၅၀ ပြည့် အငယ်ဆုံး ကစားသမားဖြစ်လာတဲ့ ဖိုဒန်

4:46 PM, 21 April

မနေ့ညက စီးတီးပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တဲ့ ဖိုဒန်ဟာ ပတ်ဂွါဒီယိုလာလက်ထက် ပရီးမီးယားလိဂ်ပွဲထွက်ခွင့် အကြိမ် ၅၀ ပြည့် အသက်အငယ်ဆုံးကစားသမား ဖြစ်လာပါတယ်။

မနေ့ညက ဘရိုက်တန်နဲ့ ပွဲစဉ်မှာ အသက် ၂၁ နှစ်အရွယ်ကစားသမားက သူရဲ့ကလပ်အသင်းကို အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ပြန်ရောက်ဖို့ သွင်းဂိုးတစ်ဂိုးရယူပြီး ကူညီပေးခဲ့တယ်။ ဖိုဒန်ဟာ ကတ်တလန်ဒေသခံနည်းပြ လက်အောက် ပရီးမီးယားလိဂ် ၄၃ ပွဲကို လူစားဝင်ကစားခဲ့ရလို့ အခုဆိုရင်  ပရီးမီးယားလိဂ် ၉၃ ပွဲ ကစားခွင့် ရခဲ့ပြီးဖြစ်ပါတယ်။

ယခင်က ပတ်ဂွါဒီယိုလာလက်အောက် အမှတ်ပေးလိဂ်ပွဲထွက်ခွင့် အကြိမ် ၅၀ ပြည့် အသက်အငယ်ဆုံး ကစားသမားမှာ  ဘာစီလိုနာ ကွင်းလယ်လူ ဘတ်စ်ကွတ်စ်(၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ၂၂ နှစ်၊ ၁၂၀ ရက်) ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီမှတ်တမ်းကို ချိုးဖျက်ပြီး ဖိုဒန်(အသက် ၂၁ နှစ်၊ ၃၂၇ ရက်)က အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ၂၀၀၉ ခုနှစ်ဇန်နဝါရီလမှာ စီးတီးဂိုးသမားဟောင်း ဂျိုးဟတ်ရဲ့ စွမ်းဆောင်နိုင်မှုနောက်ပိုင်း ဖိုဒန်က မန်စီးတီးရဲ့ မည်သည့်နည်းပြလက်အောက်မဆို ပွဲထွက်ခွင့်အကြိမ် ၅၀ ပြည့် အသက်အငယ်ဆုံး ကစားသမားအဖြစ် စာရင်းဝင်စေရေး စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဖိုဒန်ရဲ့ စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ်ဆိုရင် ပရီးမီးယားလိဂ်သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ရှိထားတယ်။ ဒီရာသီ သူရဲ့ ဂိုးပါဝင်ပတ်သက်မှုကလည်း ၁၁ ကြိမ်အထိ ရှိထားလို့ စီးတီးအတွက် နောက်ဆုံးငါးနှစ်မှာ လေးကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ရေး အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။

မန်စီးတီးလူငယ်ကြယ်ပွင့်ဟာ ဘရိုက်တန်နဲ့ပွဲစဉ်၊ ပွဲချိန် ၆၅ မိနစ်အရောက် စီးတီးအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန်ကုန်ဆုံးချိန်မှာတော့ စီးတီးက ဘရိုက်တန်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရပြီး အမှတ်ပေးဇယားအဆင့် ၁ နေရာကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

ဘရိုက်တန်နှင့် ယှဉ်ပြိုင်ခဲ့ရသော ပွဲစဉ်အပေါ် ပတ်က “ ဒီပွဲက ကောင်းမွန်တဲ့ စမ်းသပ်မှုတစ်ခုဖြစ်ခဲ့တယ်။ ကျွန်တော်တို့ကလည်း ပုံမှန်အတိုင်း ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီပွဲကို အနိုင်ရခဲ့တာပါ။ ကျွန်တော်တို့က သူတို့ကို ကစားခွင့်မပေးခဲ့ဘူး။ ဘရိုက်တန်မှာလည်း ဒီလိုအရည်အသွေးမျိုး ရှိပါတယ်။ ပထမပိုင်းမှာ သွင်းဂိုးရှာဖွေနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ သွင်းဂိုးတွေ ရယူနိုင်ခဲ့ပါတယ်”ဟု ဆိုသည်။

#မန်စီးတီး #ဂွါဒီယိုလာ #ဖိုဒန်