ရှေ့သို့
Image

ဒရော့ဘာနှင့် ပေါလ်စခိုးအပါအဝင် ပရီးမီးယားလိဂ် Hall of Fame ရွေးချယ်ခံရသူများအား ထုတ်ပြန်

4:11 PM, 21 April

အာဆင်နယ်ဂန္တဝင် ဗီအဲရာနှင့် ယူနိုက်တက်ကြယ်ပွင့်ကစားသမားဟောင်း ဝိန်းရွန်းနီတို့အား ယခုနှစ်အတွက် ပရီးမီးယားလိဂ် Hall of Fame စာရင်းဝင်များအဖြစ် သတ်မှတ်ခံခဲ့ရပြီးနောက် ယခုနှစ်အတွက် နောက်ထပ်စာရင်းဝင် ၆ ဦးကို ထုတ်ပြန်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် Hall of Fame စာရင်းမှာ ထပ်မံပူးပေါင်းခွင့်ရရှိသူများမှာ အဂူရို၊ ဒရော့ဘာ၊ ကွန်ပနီ၊ ပီတာရှမိုက်ကယ်၊ ပေါလ်စခိုးနှင့် အီယန်ရိုက် စသည့် ပရီးမီးယားလိဂ်နာမည်ကြီး ကစားသမားဟောင်းတွေပဲ ဖြစ်ပါတယ်။

ယခင် စီးတီးတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံး အင်္ဂလန်ပြင်ပကစားသမားဖြစ်ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း စီးတီးအတွက် ၂၇၅ ပွဲ ကစား၊ ၁၈၄ ဂိုး သွင်းယူပေးခဲ့ဖူးပါတယ်။ အသက် ၃၃ နှစ်အရွယ် အဂူရိုဟာ စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား ငါးကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းဖော်ဟောင်းတွေဖြစ်တဲ့ မန်စီးတီးကပ္ပတိန်ဟောင်း ကွန်ပနီကလည်း ပရီးမီးယားလိဂ်ဖလားကို လေးကြိမ်တိုင်တိုင် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ဖူးပါတယ်။

အဂူရိုက “ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံးလိဂ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလိဂ်ရဲ့ ပွဲစဉ်တွေက မြန်ဆန်လှပသလို အားပေးတဲ့ ကွင်းတွင်းကွင်းပြင် ပရိသတ်ကြီးရဲ့ အင်အားကလည်း အမြဲတမ်း မယုံနိုင်ဖွယ်ပါပဲ။ ဒီနေရာမှာ မန်စီးတီးအသင်းနဲ့အတူ ဘောလုံးကစားခဲ့ရတာကို ကျွန်တော် အရမ်းနှစ်သက်ပါတယ်။ ပရီးမီးယားလိဂ်ဖလား ငါးကြိမ်တိုင် ဆွတ်ခူးနိုင်တာကိုရောပေါ့။ ဒီအထဲမှာဆိုရင် ကျွန်တော့်အတွက် ပထမဦးဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်မယ့် အရေးအကြီးဆုံးဂိုး (QPR အသင်းနှင့် ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်တွင် နောက်ဆုံး မိနစ်သွင်းဂိုး) လည်း ပါဝင်ပါတယ်” ဟု ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

စတမ်းဖို့ဘရစ်ချ်အချစ်တော်သူရဲကောင်း အသက် ၄၄ နှစ်အရွယ် ဒရော့ဘာမှာလည်း ချဲလ်ဆီးကစားသမားဘ၀ နှစ်ကြိမ်အတွင်း ၂၅၄ ပွဲကစားခဲ့ကာ ၁၀၄ ဂိုး သွင်းယူပေးခဲ့သည့်အပြင် ပရီးမီးယားလိဂ်ဆုဖလားကို ၄ ကြိမ်ကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့ပါတယ်။

Hall of Fame စာရင်းဝင် ပထမဆုံးဂိုးသမားအဖြစ်တော့ ဒိန်းမတ်ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်ကို ရွေးချယ်ခဲ့ကြပြီး အသက် ၅၈ နှစ်အရွယ် ဂိုးသမားကြီးဟာ ၁၉၉၁ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ မန်ချက်စတာယူနိုက်တက် အသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်တိုင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အလားတူ အက်စတွန်ဗီလာနှင့် မန်စီးတီးတို့အတွက်လည်း ကစားပေးခဲ့ပြီး ဂိုးသမားဘ၀ ပွဲ ၃၁၀ ကစား၊ ၁၂၈ ပွဲ ပေးဂိုးမရှိ၊ သွင်းဂိုး ၁ ဂိုး ရယူနိုင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ပီတာရှမိုက်ကယ်ရဲ့ အသင်းဖော်ဟောင်းပဲဖြစ်တဲ့ ပေါလ်စခိုးကလည်း အိုးထရက်ဖို့ဒ်ကလပ်နှင့်အတူ ကစားသမားသက်တမ်း နှစ် ၂၀ အတွင်း ပရီးမီယားလိဂ်ဖလား ၁၁ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ဖူးသူပါ။ အသက် ၄၇ နှစ်အရွယ် ကွင်းလယ်လူဟောင်းဟာ ၄၉၉ ပွဲကစား၊ ၁၀၇ ဂိုးသွင်းယူကာ ယူနိုက်တက်တွင်သာ ကစားသမားဘ၀ အဆုံးသတ်ခဲ့ပါတယ်။

ပေါလ်စခိုး၏ အင်္ဂလန်အသင်းဖော်ဟောင်း အီယန်ရိုက်မှာလည်း ယခုစာရင်းတွင် နောက်ဆုံးရွေးချယ်မှုအဖြစ် ပါဝင်လာခဲ့ပါတယ်။ အသက် ၅၈ နှစ်အရွယ် တိုက်စစ်မှူးဟောင်းဟာ အာဆင်နယ် အသင်းနှင့်အတူ ၁၉၉၈ ခုနှစ်တွင် ပရီးမီးယားလိဂ်ဖလားအနိုင်ရခဲ့ပြီး သူ့ရဲ့ ပရီးမီးယားလိဂ်ကစားသမားဘ၀ (ဝက်စ်ဟမ်းနှင့် ကာလတိုကစားခဲ့မှုအပါအဝင်) ၂၁၃ ပွဲကစား၊ ၁၁၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် Hall of Fame စာရင်းတွင် ယခင်ကစားသမားဟောင်းကြီးများဖြစ်သော အွန်နရီ၊ အလန်ရှီးယား၊ ဘက်ဟမ်း၊ ဘားကင့်ခ်၊ ကန်တိုနာ၊ ဂျရတ်၊ ရွိင်ကိန်း၊ လမ်းပတ်၊ ဗီအဲရာနှင့် ဝိန်းရူနီတို့ကို ရွေးချယ်ထားခဲ့ပြီးဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #ဒရော့ဘာ #ပေါလ်စခိုးလ် #ဗီအဲရာ