ရှေ့သို့
Image

တန်းဆင်းဇုန်နဲ့ ဝေးနိုင်သမျှဝေးအောင် သွားဖို့အာရုံစိုက်ထားပါတယ်ဆိုတဲ့ လမ်းပတ်

1:14 PM, 21 April

အဲဗာတန်နည်းပြ ဖရန့်လမ်းပတ်ကတော့ အိမ်ကွင်းမှာ လက်စတာကို နောက်ကျဂိုးနဲ့ ၁-၁ သရေ တစ်မှတ်ရရှိခဲ့ပြီး တန်းဆင်းဇုန်အန္တရာယ်နဲ့ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပေမယ့် ကြိုးစားနေသရွေ့ ဘာမဆိုဖြစ်နိုင်ကြောင်း ပြောသွားခဲ့ပါတယ်။ ပွဲအစ ၅ မိနစ်မှာကတည်းက သွင်းယူခဲ့တဲ့ ဟာဗေးဘန်းစ်ရဲ့ ဦးဆောင်ဂိုးကို ၁၄၆ ပွဲကစားပြီး ဂိုး ၅၀ ပြည့်အဖြစ် ရစ်ချာလီဆန်က ထပ်ဆောင်းအချိန်ပိုမှာ သွင်းယူသွားခဲ့လို့ အဖိုးတန်သရေတစ်မှတ်ကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အောက်တိုဘာလနောက်ပိုင်း အဲဗာတန်အတွက် နှစ်ပွဲဆက် ရှုံ့းပွဲမရှိအောင် ကစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ အနိုင်ကစားပြီး လက်စတာကိုလည်း သရေကစားသွားတာကြောင့် တန်းဆင်းဇုန်နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၁၈ က ဘန်လေနဲ့ ၄ မှတ်ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် လာမယ့်တနင်္ဂနွေနေ့မှာ မာဆေးဆိုက်ဒါဘီအဖြစ် လီဗာပူးကို အန်ဖီးလ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဘန်လေကတော့ ဆောက်သမ်တန်၊ ဝုဗ်တို့နဲ့ ကစားဖို့ရှိနေတာကြောင့် အချိန်မရွေး တန်းဆင်းဇုန်ထဲကို ကျသွားနိုင်ပေမယ့်လည်း နည်းပြလမ်းပတ်ကတော့ အသင်းရဲ့ ရပ်တည်မှုနဲ့ ပက်သက်လို့တော့ အကောင်းဘက်ကပဲ ယုံကြည်မှုထားကြောင်း ပြောခဲ့ပါတယ်။

လမ်းပတ်က “နောက်ကျချေပဂိုးနဲ့ သရေတစ်မှတ် ယူနိုင်ခဲ့တာကလည်း တကယ်ကောင်းတဲ့ ခံစားချက်ပါပဲ။ ဒါကလည်း ကျွန်တော်တို့လိုချင်တဲ့ အပြောင်းအလဲတစ်ခုပါ။ ဆီးမက်စ်(ကိုးလ်မန်း) လည်း အခွင့်အရေးကောင်းတစ်ခု ရခဲ့တယ်။ ရစ်ချီ(ရစ်ချာလီဆန်)လည်း အခွင့်အရေးတွေရတယ်။ ကျွန်တော်ဒီအသင်းကို ရောက်ကတည်းက ကောင်းကောင်းမလုပ်နိုင်သေးတာတွေရှိနေသေးတယ်။ သရေပွဲတွေဆိုတာကလည်း ကျွန်တော်တို့ ကောင်းသင့်သလောက် မကောင်းခဲ့လို့ ဒီရလဒ်မျိုးတွေ ဖြစ်နေတာပဲလေ။ ဒါက ဒုတိယပိုင်းကစားပုံထက်စာရင် ပထမပိုင်းကစားပုံနဲ့ ပိုဆိုင်တယ်။ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းတို့ ဘန်လေတို့နဲ့ပွဲတွေမှာဆိုလည်း ကစားပုံကောင်းပြီး ရလဒ်မကောင်းခဲ့ဘူး။ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်၊ ပွဲတိုင်းကို ကြိုးကြိုးစားစားနဲ့ ကစားရင်ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ဒီသရေတစ်မှတ်လေးက မသိမသာ တက်နိုင်ခဲ့တဲ့ ခြေလှမ်းလေးပါ၊ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာတောင်မှ ရလဒ်ကောင်းတစ်ခု ရယူနိုင်သေးတာပဲ နောက်ထပ်အမှတ်တွေ ရယူသွားဖို့ ယုံကြည်မှုရှိပါတယ်။ ကျွန်တော့်ကစားသမားတွေ စိတ်ဓာတ်မရှိရင်၊ ခြေစွမ်းမကောင်းရင် အလွယ်တကူ ပစ္စည်းတွေနဲ့ ပစ်ပေါက်ပြီး အပြစ်ပေးလို့ရတယ်။ အခုချိန်မှာ နောက် ၂ နှစ် ၃ နှစ် စီမံကိန်းတွေ ဘာတွေစဉ်းစားမနေသေးဘူး၊ ဒီလိဂ်မှာ ဆက်ရှင်ကျန်နိုင်ဖို့အတွက် စိတ်ရောကိုယ်ရော အပြည့်အဝအာရုံစိုက်ထားတယ်။ အဲ့ဒီစိတ်ဓာတ်နဲ့ ကစားပုံမျိုးကို ကျွန်တော့်ကစားသမားတွေ ဒီညပြသွားနိုင်ခဲ့တယ်”လို့ ပြောသွားခဲ့ပါတယ်။

#အဲဗာတန် #လက်စတာ #လမ်းပတ်