လူငယ်ဘ၀ ချဲလ်ဆီးအသင်းကနေ ထွက်ခဲ့ရခြင်းက သွင်းဂိုး ၂ဂိုး သွင်းဖို့ စိတ်အားတက်ကြွစရာဖြစ်ခဲ့တယ်လို့ အန်ကီတီယာ ဆို
10:47 AM, 21 April
အာဆင်နယ်တိုက်စစ်မှူး အက်ဒီ အန်ကီတီယာက လူငယ်ကစားသမားဘ၀ ချဲလ်ဆီးကနေ ထွက်ခွာခဲ့ရခြင်းက ယမန်နေ့ည ပွဲစဉ်မှာ ၂ဂိုးသွင်းဖို့အတွက် စိတ်အားတက်ကြွမှုတွေ ပေးစွမ်းခဲ့ကြောင်း ပြောခဲ့ပါတယ်။ အန်ကီတီယာဟာ ဂန်းနားတွေ ၄-၂ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး၂ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
၂၂နှစ်သားဟာ ၂၀၀၈ခုနှစ်က ချဲလ်ဆီးမှာ ကစားခဲ့ပြီး ၇နှစ်အကြာ ၂၀၁၅ခုနှစ်မှာတော့ အသင်းက ထွက်ခဲ့ရကာ အာဆင်နယ်အကယ်ဒမီမှာ ပူးပေါင်းခဲ့ပါတယ်။ အင်္ဂလန် ယူ-၂၁တိုက်စစ်မှူးအနေနဲ့ ယမန်နေ့ညကတော့ အသင်းဟောင်းကို သွင်းဂိုး၂ဂိုးနဲ့အတူ ပြန်လည်ခြောက်လှန့်ခဲ့ပြီး ဂန်းနားတွေ ထိပ်သီး၄သင်းထဲ ဝင်ဖို့ အခြေအနေကောင်းအောင် ကူညီပေးခဲ့ပါတယ်။
အန်ကီတီယာက “ဒီလိုလုပ်နိုင်ခဲ့တာ အရမ်းထူးခြားတယ်လို့ ထင်ပါတယ်။ ကျွန်တော် ယူ-၁၄အထိ ချဲလ်ဆီးမှာ ရှိခဲ့ပြီး အသင်းက ထွက်ခဲ့ရတဲ့အပေါ် အခု အာဆင်နယ်အတွက် တာဝန်တစ်ခုနဲ့ သက်သေပြနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ ဒီနေ့က ကျွန်တော့်နေ့ မဟုတ်ပါဘူး။ ၂ဂိုးသွင်းနိုင်ခဲ့တာ ကောင်းပေမဲ့ ဒါက အသင်း ပြန်လာနိုင်ဖို့အတွက်ပါပဲ”လို့ ဆိုခဲ့ပါတယ်။
အဆိုပါနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အဆင့်၅နေရာမှာ ရှိနေပေမဲ့ တော့တင်ဟမ်နဲ့ ရမှတ်တူကာ ဂိုးကွာခြားချက်သာကွာတဲ့ အနေအထား ဖြစ်လာခဲ့ပါတယ်။ အန်ခီတီယာက ချဲလ်ဆီးနဲ့ပွဲက အရှိန်ကို ထိပ်သီး၄သင်းဝင်ဖို့ ကြိုးစားနေတဲ့ အာဆင်နယ်မှာ ရာသီကုန်ထိ ဆက်ယူသွားနိုင်ဖို့ ယုံကြည်နေပါတယ်။
အန်ကီတီယာက “ဒီနိုင်ပွဲက ကျွန်တော်တို့ကို ယုံကြည်မှုပေးစွမ်းတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အခက်အခဲတွေကြား အတူတကွ ဖြတ်ကျော်ခဲ့ကြတာပါ။ ကျွန်တော်တို့ အရှုံးတွေကနေ ပြန်လာနိုင်တယ်ဆိုတာ ပြသခဲ့ပါတယ်”“ဒီနေ့ ကောင်းမွန်တဲ့ရလဒ်တစ်ခု ရခဲ့ပြီး ဒါဘီပွဲကို အနိုင်ရတာက အမြဲတမ်း စိတ်ခံစားချက်ကောင်းကို ရစေပြီး ဇယားထိပ်ပိုင်းကို ပြန်တက်နိုင်ဖို့ ရမှတ် ၃မှတ်အတွက် ကြိုးစားဖို့ပဲလိုတယ်လို့ ထင်ပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။
အန်ကီတီယာနဲ့ ပတ်သက်ပြီး အာတီတာက “သူ လွန်ခဲ့တဲ့ ၁၀လအတွင်း လုပ်ပြခဲ့တာတွေကို လူတွေ သတိမထားမိခဲ့တာကြောင့် သူ ဒီနေ့ည လုပ်ပြနိုင်ခဲ့တာပါ။ မျှမျှတတပြောရရင် ကျွန်တော် သူ့ကို ဒီထက် ပိုသုံးသင့်တယ်လို့ ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့မှာ အခြားပြဿနာတွေလည်း ရှိခဲ့ပြီး အဲ့ဒါက မလွယ်ကူခဲ့ပါဘူး။ ဒါပေမဲ့ သူ ဒီလိုလုပ်ပြခဲ့တာတွေနဲ့ လုံး၀ကို ထိုက်တန်ပါတယ်”လို့ ဆိုခဲ့ပါတယ်။