ရှေ့သို့
Image

လီဗာပူးကို ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်ကို လိဂ်ဝမ်းကလပ်လှောင်ပြောင်

4:27 PM, 20 April

လိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရှရူဘူရီတောင်းအသင်းဟာ မနေ့ညက အန်ဖီးမှာ လီဗာပူးကို ၄-၀ နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို သူတို့ရဲ့တွစ်တာအကောင့်ကနေ လှောင်ပြောင်ခဲ့တာတွေ့ရပါတယ်။ ရာ့ဖ်ရန်နစ်ရဲ့အသင်းဟာ အန်ဖီးမှာ ဂိုးပြတ်ခြေပြတ်နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဆိုပါပွဲစဉ်တစ်လျှောက်လုံးမှာ လီဗာပူးက ဘောလုံး ပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းထိ ရရှိခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ် KD ဆိုသူ ပွဲချိန်အစောပိုင်းမှာကတည်းက “ငါတို့အသင်း ကစားနေတာကိုကြည့်ရတာ အန်ဖီးလ်မှာ ရှရူဘူရီအသင်းကို ကြည့်နေရသလိုပဲ”ဆိုပြီး စိတ်ပျက်နေတဲ့ အီမိုဂျီနဲ့ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ ယူနိုက်တက်က ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဒီရာသီအစောပိုင်းက FA ဖလားမှာ လီဗာပူးကို အန်ဖီးလ်မှာ လာရောက်ရင်ဆိုင်ပြီး ၄-၁ နဲ့အရေးနိမ့်ခဲ့တဲ့ ရှရူဘူရီအသင်းက အဆိုပါပရိသတ်ရဲ့ ပို့စ်ကို ရယ်စရာတုံ့ပြန်မှုတစ်ခု ပြုလုပ်သွားပါတယ်။

ရှရူဘူရီတောင်းရဲ့ တွစ်တာအကောင့်ကနေ “ငါတို့က ဒီရာသီအန်ဖီးလ်မှာ ဂိုးသွင်းခဲ့သေးတယ်။ မင်းတို့က တစ်ဂိုးတောင် မသွင်းနိုင်ပဲနဲ့။ အဆင့်မတူဘူး ” ဆိုပြီး လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပထမအကျော့ အိုးလ်ထရက်ဖို့ဒ်မှာကတည်းက ၅-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် တစ်ရာသီအတွင်းမှာ လီဗာပူးကို နှစ်ကျော့ပေါင်း ၉-၀ နဲ့ အပြတ်အသတ်ကို အရေးနိမ့်ခဲ့ပါတယ်။

ရှရူဘူရီအသင်းဟာ ဂျာဂန်ကလော့ပ်ရဲ့အသင်းနဲ့ FA ဖလား တတိယအကျော့မှာ တွေ့ဆုံစဉ်က ဒန်နီရယ်ယူဒိုရဲ့ ဂိုးနဲ့ ဦးဆောင်ဂိုးတောင်အရင်ဆုံး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးက ၁၇ နှစ်သား ကိုင်ဒီဂေါ်ဒွန်၊ ဖာဘင်ဟို၊ ဖာမီနိုတို့ရဲ့ ဂိုးတွေနဲ့ နောက်ကပြန်လိုက်သွင်းကာ အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ ချေပဂိုးတစ်ဂိုးတောင် ပြန်မသွင်းနိုင်ခဲ့ပဲနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် အခုလို လိဂ်ဝမ်းအသင်းရဲ့ လှောင်ပြောင်ခြင်းကိုပါ ခံခဲ့ရတာဖြစ်ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ကလော့ပ် #ရန်နစ်