ရှေ့သို့
Image

လက်ရှိတွင် ပုံစံကောင်းရနေပြီဟု ကြွေးကြော်ခဲ့သော ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာ

4:18 PM, 20 April

ချဲလ်ဆီးအတွက် နောက်ဆုံးသုံးပွဲတွင် သုံးဂိုးသွင်းယူပေးခဲ့ပြီးနောက် တိုက်စစ်မှူးတီမိုဝါနာက ယခုအခါ ပုံစံကောင်းပြန်လည်ရရှိနေပြီဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

အက်ဖ်အေဖလားဆီမီးဖိုင်နယ်၊ ခရစ္စတယ်ပဲလေ့စ်အသင်းကို နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့သည့်ပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုရရှိသူ ဂျာမန်တိုက်စစ်မှူးသည် ယင်းပွဲစဉ်တွင် သွင်းဂိုးမရခဲ့သော်လည်း မေဆန်မောင့်၏ သွင်းဂိုးကို ဖန်တီးပေးခဲ့သလို ဒုတိယမြောက် ဂိုးဖန်တီးမှုဖြစ်နိုင်သော အခွင့်အရေးကို တွဲဖက်တိုက်စစ်မှူး လူကာကူထံ ပေးပို့ခဲ့သော်လည်း ဘယ်လ်ဂျီယံသားက အသုံးမချနိုင်ခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ တီမိုဝါနာမှာ လက်ရှိခြေစွမ်းအတွက် မြူးကြွလျက်ရှိပုံကို ESPN သတင်းဌာနနှင့် တွေ့ဆုံစဉ် ဖွင့်ဟခဲ့သည်။

“ဆောက်သမ်တန်နဲ့ ပွဲကတည်းက မတူညီတဲ့အရာအချို့ကို ကျွန်တော်ခံစားမိခဲ့တယ်။ အမြန်နှုန်းတွေ ပြန်ရလာတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု ပြန်ကောင်းလာတယ်။  ဒါကြောင့် အရာရာတိုင်းကို ပြန်ရနေပြီလို့ ခံစားမိပါတယ်။ ဒါက ပုံစံကောင်းပြဖို့အတွက် အများကြီးကူညီပေးတယ်။ ကျွန်တော် ပျော်ရွှင်နေပါတယ်။ တစ်ရာသီလုံး အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရတယ်။ ဒီပုံစံကောင်းပြသမှုကို ဆက်ထိန်းထားနိုင်ဖို့ ကျွန်တော် ကြိုးစားသွားပါမယ်”ဟု တီမိုဝါနာက ပြောသည်။

လိုက်ပ်ဇစ်အသင်းမှ ချဲလ်ဆီးအသင်းသို့ ပေါင် ၄၇ သန်းကျော်ဖြင့် ပြောင်းရွှေ့လာသော တီမိုဝါနာသည် လန်ဒန်မြေတွင် ပုံမှန်ခြေရရှိဖို့ ရုန်းကန်ခဲ့ရသလို အင်္ဂလန်ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံ ၅၂ ပွဲကစား၊ ၁၂ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ရာ အသင်းပရိသတ်များနှင့် သတင်းမီဒီယာများ၏ စောင့်ကြည့်ဝေဖန်မှုကို ခံစားခဲ့ရသည်။

ပြီးခဲ့တဲ့နွေရာသီကာလ စတမ်းဖို့ဒ်ဘရစ်ချ်သို့ လူကာကူရောက်ရှိလာပြီးနောက် အသက် ၂၆ နှစ်အရွယ် ကစားသမားသည် ပွဲထွက်လူစာရင်းမှ ဖယ်ရှားခံခဲ့ရသည်။ လူကာကူနှင့် တီမိုဝါနာတို့ အသင်းရှေ့တန်းလိုင်း တွင် အလုပ်မဖြစ်ခဲ့ချိန် နည်းပြတူချယ်က ကိုင်ဟားဗက်ဇ်အား Flase 9 Role ထည့်သွင်းကာ  ဈေးကြီးပေးခဲ့ရသော ဘယ်လ်ဂျီယံသားနှင့် ဂျာမန်သားတို့ကို အရန်ခုံသို့ ပို့ဆောင်စေခဲ့သည်။

သို့သော်လည်း တီမိုဝါနာသည် ယခုရာသီဝက်ကာလအတွင်း အသင်းထံ ပြန်လည်ပူးပေါင်းကာ ဘယ်တောင်ပံတိုက်စစ်နေရာတွင် အံဝင်ခွင်ကျဖြစ်လာခဲ့ပြီးနောက် အသင့်ရောက်ရှိလာသော အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ခဲ့သည်။

ဧပြီ ၁၀ ရက်တွင် စိန့်မေရီသားတို့နှင့်ပွဲစဉ်တွင် သွင်းဂိုး နှစ်ဂိုးရယူကာ နည်းပြတူချယ်၏ ယုံကြည်မှုကို ပြန်လည်တုံ့ပြန်ခဲ့သလို ရီးရဲလ်မက်ဒရစ်နှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ဒုတိယအကျော့ ပွဲစဉ်တွင်လည်း တစ်ဂိုး သွင်းယူနိုင်ခဲ့သည်။ ထို့ပြင် အက်ဖ်အေဖလားဗိုလ်လုပွဲသို့ ချဲလ်ဆီးတက်ရောက်ခွင့်ရရှိရေးအတွက်လည်း ကူညီပေးခဲ့သည်။

#တီမို၀ါနာ #ချဲလ်ဆီး