ရှေ့သို့
Image

ချာတူးလံခြေစွမ်းဖြင့် ဂိုးပြတ် ရှုံးပွဲအပြီး ကစားသမားများအပေါ်ဝေဖန်ခဲ့တဲ့ ရန်းနစ်

3:03 PM, 20 April

ချာတူးလံခြေစွမ်းဖြင့် လီဗာပူးအသင်းအား ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပြီးနောက် အသင်းအဝတ်လဲခန်းအတွင်း ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ဦးဆောင်ကာ အသင်း၏ အလဲလဲအပြိုပြိုရှုံးပွဲအပေါ် ဝေဖန်စမ်းစစ်ရေး လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နှစ်၊ အောက်တိုဘာလအတွင်း အိမ်ကွင်း၌ လီဗာပူးကို ၅ ဂိုးပြတ်ရှုံးနိမ့်ခဲ့သော ယူနိုက်တက်သည် ယခုပွဲစဉ်တွင်လည်း ဂိုးပြတ်ထပ်မံရှုံးနိမ့်ခဲ့ကာ ယခုရာသီ ကိုးပွဲမြောက် ပရီးမီးယားလိဂ်ရှုံးပွဲကို တွေ့ကြုံခဲ့ရသည်။ ပွဲမစတင်မီ ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွာရီက အသင်းဖော်များအား အားပေးမှုများပြုလုပ်ခဲ့သော် လည်း ၎င်းကိုယ်တိုင်ပင် ညံ့ဖျင်းသော စွမ်းဆောင်ရည်နှင့်အတူ အရှက်တကွဲရှုံးနိမ့်ခဲ့မှုအတွက် ကြီးမားစွာ တာဝန်ရှိခဲ့သည်။

ယူနိုက်တက်ယာယီနည်းပြ ရန်းနစ်ကလည်း အသင်း၏ စွမ်းဆောင်ရည်အပေါ် အကဲဖြတ်မှု ပြုလုပ်ခဲ့ပြီး ပြိုင်ဘက်အသင်းနှင့် ယှဉ်ကစားရန် ကြောက်ရွံ့နေသော ကစားသမားများဟု အပြစ်တင်ဝေဖန်ခဲ့သည်။

ယူနိုက်တက် ကစားသမားများ မိမိကိုယ်ကို ဝေဖန်ဆန်းစစ်မှုပြုလုပ်ရန် လိုအပ်မှုအပေါ် ရန်းနစ်က “ဒါပေါ့၊ ကျွန်တော်လည်း ဒီလိုပဲ ယူဆပါတယ်။ ကျွန်တော်တို့ အဝတ်လဲခန်းထဲမှာ အသင်းနဲ့ စကားပြောခဲ့ပါတယ်။ ကျွန်တော်လည်းပြော၊ ဘရူနိုလည်း ပြောခဲ့တယ်။ ဒါပေမယ့် အဆုံးမှာ ဒါက အကူအညီမဖြစ်ခဲ့ဘူး။ လာမယ့် စနေနေ့ပွဲစဉ်အတွက် ဒဏ်ရာရ ကစားသမားတွေ ပြန်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပြီး နောက်ပိုင်းဆိုရင် တစ်ပွဲချင်းစီ မိမိကိုယ်မိမိ ဝေဖန်ဆန်းစစ်တာမျိုး လုပ်သွားရမှာပါ။ ဒီနေ့ လီဗာပူးနဲ့ ပွဲစဉ်ခြေစွမ်းမျိုးနဲ့ဆိုရင်တော့ ဒီလိုလုပ်နေတာက ကျွန်တော်တို့ရဲ့ ရာသီကုန်အဆင့်လေးဝင်ခွင့်မျှော်မှန်းချက်ကို အကူအညီဖြစ်စေမယ်လို့တော့ မထင်မိဘူး။ အရင်ကလည်း အဝတ်လဲခန်းထဲမှာ ကျွန်တော် ပြောလေ့ရှိတဲ့အကြောင်းအရာတစ်ခုရှိတယ်၊ အခုလည်း ပြောခဲ့ပါတယ်။ ဘောလုံးယှဉ်လုချိန်အများစုမှာ Second ball တွေကို ကျွန်တော်တို့ တစ်ကြိမ်မှ အနိုင်မရခဲ့ဘဲ ရပ်ကြည့်၊ ငေးမောနေခဲ့တာတွေ မလုပ်ဖို့ ပထမပိုင်းပွဲချိန်အပြီးမှာ ပြောခဲ့တယ်။ လီဗာပူးလိုအသင်းနဲ့ ပွဲမှာ ဒီလိုကစားခဲ့ရင်တော့ ငါးပါးမှောက်လိမ့်မယ်ဆိုတာ အသေအချာပါပဲ။ မင်းအနေနဲ့ ဘောလုံးကို လက်ခံမရရှိထားဘူးဆိုရင်၊ လီဗာပူးလိုအသင်းမျိုးနဲ့ရင်ဆိုင်ရချိန် ပြိုင်ဘက်ကို ဖိအားနည်းနည်းလေးတောင် မပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့က ပြိုင်ဘက်ကို မတိုက်ခိုက်နိုင်တာ၊ တိုက်ခိုက်ဖို့ ရဲဝံ့မှုမရှိတာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ဒါက ပြိုင်ဘက်ကို ယှဉ်ကစားဖို့ ကြောက်ရွံ့နေတဲ့ပုံနဲ့ အတော်လေး တူညီပါတယ်”ဟု ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဖာနန်ဒက်စ် #ရန်းနစ်