ရှေ့သို့
Image

ယူနိုက်တက်ဟာ လီဗာပူးထက် ၆ နှစ်လောက် နောက်ကျကျန်ခဲ့ပြီလို့ ရန်းနစ် ဝန်ခံ

10:21 AM, 20 April

လီဗာပူးရဲ့တိုက်စစ်ကြောင့် ယူနိုက်တက်ဟာ အရှက်တကွဲဖြစ်ခဲ့ရတယ်လို့ ရန်းနစ်ကဆိုလိုက်ပြီး အဆိုပါအသင်းဟာ လာမယ့်နွေရာသီမှာ ကစားအသစ် ၁၀ ယောက်လောက် ခေါ်ယူဖို့ရှိနေတာဖြစ်ပါတယ်။

အင်္ဂါနေ့ညကပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ ဖလားရဖို့ကြိုးစားနေတဲ့ လီဗာပူးနဲ့ ခြေစွမ်း သိသိသာသာကို ကွာခြားနေခဲ့တာဖြစ်ပြီး ဆာလက်က ၂ ဂိုး၊ ဒီယက် နဲ့ မာနေးက တစ်ယောက် ၁ ဂိုးသွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်တုန်းကတော့ ယူနိုက်တက်ဟာ လီဗာပူးကို ၅-၀ နဲ့ ရှုံးထားခဲ့တာမလို့ အင်္ဂါနေ့ ပွဲစဉ်နဲ့ပါပေါင်းလိုက်မယ်ဆိုရင် ၉-၀ ဖြစ်သွားခဲ့တာဖြစ်ပြီး လီဗာပူးဟာ ယူနိုက်တက်ထက် ရှေ့ကို ၆ နှစ်လောက် ရောက်သွားပြီလို့ ရန်းနစ်ကတော့ ခံစားနေရပါတယ်။

“ရှက်ဖို့လည်းကောင်းတယ်။ စိတ်ပျက်ဖို့လည်းကောင်းတယ်။ အရှက်ခွဲခံရသလိုပါပဲ” လို့ ရန်းနစ်ကဆိုပါတယ်။ “သူတို့တွေ ကျွန်တော်တို့ထက် ၆ နှစ်လောက် ရှေ့ကြိုရောက်သွားပြီဆိုတာကို လက်ခံရမယ်။ ကလော့ပ်ရောက်လာတည်းက သူတို့တွေပြောင်းလဲသွားကြတယ်။ အသင်းသင်မကဘူး။ မြို့မှာပါ အနေအထားတစ်ခုရောက်သွားတယ်။ နောက်ရာသီမှာ ကျွန်တော်တို့လည်း အဲလိုဖြစ်ဖို့ လိုနေတာပါ” လို့ ရန်းနစ်က ဆိုပါတယ်။

ပွဲချိန် ၅ မိနစ်အတွင်းမှာ ဒီယက်က ပထမဂိုးကို သွင်းယူခဲ့ပြီး ပွဲကစားချိန် ၂၂ မိနစ်မှာတော့ ဆာလာက ဒုတိယဂိုးကို သွင်းယူကာ ၂-၀ ဆိုတဲ့ရလဒ်ကို ဖြစ်စေခဲ့ပါတယ်။

“ပွဲချိန်အစမှာတည်းက ကစားကွက်ပြောင်းလို့လည်း ဘာမှထူးမှာ မဟုတ်ပါဘူး” လို့ ရန်းနစ်က ဆိုပါတယ်။ “ပထမဆုံး လက်လွှတ်လိုက်ရတဲ့ဂိုးက အဲလိုဖြစ်ဖို့ မရည်ရွယ်ထားဘူးဗျ။ ဒါပေမဲ့ ၅ မိနစ်အကြာမှာတင် တန်ပြန်တိုက်စစ်ကနေ ၁ ဂိုးပေးခဲ့ရတယ်။ အဲဒီဂိုးကြောင့် တစ်ပွဲလုံးကို ပြောင်းသွားတာပဲ။ ပထမပိုင်းမှာ ကျွန်တော်တို့တွေ ကောင်းသင့်သလောက် မကောင်းဘူး။ ဘောလုံးကို တစ်စက်လေးမှကို မရဘူး။ ဘယ်နေရာမှာဖြစ်ဖြစ် နောက်ကောက်ကျကျန်နေတယ်”လို့ သူက ဆိုပါတယ်။

အေဂျက်နည်းပြတန်ဟက်ဟာ ယူနိုက်တက်ကို ဒီနွေရာသီကနေစပြီး ၄ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာတော့မှာဖြစ်ပြီး ဖြတ်စရာအလုပ်တွေ ကျန်နေသေးတာဖြစ်ပါတယ်။ ပထမပိုင်း အစောပိုင်းမှာတည်းထွက်သွားခဲ့ရတည်းက ပေါ့ဂ်ဘာဟာလည်း ဒီနွေရာသီမှာ စာချုပ်သက်တမ်း ကုန်တော့မှာဖြစ်ပြီး ဒီရာသီအကုန်မှာတော့ ကစားသမားအမြောက်အများဝယ်ယူပြီး အသင်းကို အပြောင်းအလဲကြီးလုပ်သွားရမယ်လို့ ရန်းနစ်က ဆိုပါတယ်။

“ပြန်ပြီး ‌ပြုပြင်ပြောင်းလဲရတော့မှာပါ။ ကစားသမားအသစ် ၆ ယောက် ၇ ယောက် ၁၀ ယောက်လောက် လာဖို့ရှိပါတယ်။ လီဗာပူးက ကျွန်တော်တို့ထက်ပိုကောင်းတဲ့ ကစားသမားတွေရှိနေတယ်ဆိုတာ ဒီနေ့ရလဒ်ကိုကြည့်ရင် သိနိုင်ပါတယ်။ သေချာပေါက်ကို ပြန်ပြီးပြုပြင်ပြောင်းလဲရမှာပါ။ ကျွန်တော့်အတွက်တော့ အဲဒါက ပထမ ၃ ပတ် ၄ ပတ်မှာ သိသာတဲ့အရာပါပဲ။ ဒီကို နည်းပြတစ်ယောက်‌အနေနဲ့လာပြီး ဒီလိုသတင်းစာရှင်းလင်းပွဲလုပ်နေရတာကိုက အရမ်းရှက်ဖို့ကောင်းပါတယ်။ သူတို့က ကျွန်တော်တို့ထက် ပိုသာတာကို ဝန်ခံရပါမယ်” လို့ ရန်းနစ်က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ရန်းနစ်