ရှေ့သို့
Image

ယူနိုက်တက်အား ၅ ဂိုးပြတ် သွင်းယူနိုင်မှုမှာ ရိုးရှင်း၊ လွယ်ကူခဲ့ဟု ဗန်ဒိုက် ပြောဆို

4:41 PM, 19 April

မန်ချက်စတာယူနိုက်တက်အသင်းသည် အိုးထရက်ဖို့ဒ်ကွင်းတွင် လီဗာပူးကို ၅ ဂိုးပြတ်မရှုမလှရှုံးနိမ့်စဉ်က အခြေအနေနှင့် မတူညီသော စိတ်ဓါတ်ပိုင်းဆိုင်ရာအခြေအနေတစ်ရပ်ဖြင့် အန်ဖီးလ်ကွင်းသို့ လာရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း လီဗာပူးနောက်ခံလူ ဗာဂျေးဗန်ဒိုက်က ထုတ်ဖော်ပြောဆိုသည်။

ထို့ပြင် ယနေ့ညပိုင်း၊ အင်္ဂလန်အစဉ်အလာပြိုင်ဘက်နှစ်သင်း၏ ထိပ်တိုက်တွေ့ဆုံမှုသည် လွန်ခဲ့သော အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ခဲ့ရသော ကစားပွဲကဲ့သို့ ရိုးရှင်း၊လွယ်ကူမည်ဟု မမျှော်လင့်ထားကြောင်း ဗန်ဒိုက်က ရှင်းလင်းခဲ့သည်။ ရာသီအစောပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ၎င်းတို့နှစ်သင်းတွေ့ဆုံစဉ်က ပွဲချိန်မိနစ် ၅၀ အတွင်းမှာပင် ယာဂန်ကလော့ပ်၏ အသင်းက သရဲနီများကို ငါးဂိုးပြတ် သွင်းယူနိုင်ခဲ့သည်။ ယင်းပွဲစဉ်ပြီးနောက် မကြာမီကာလမှာပင် ယူနိုက်တက်အသင်းနည်းပြ အိုလေဂန်နာဆိုးရှားမှာ ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။

ဗန်ဒိုက်က “ယူနိုက်တက်ရဲ့အိမ်ကွင်းမှာ ကစားရတဲ့ပွဲတွေက အမြဲတမ်းခက်ခဲကြမ်းတမ်းလေ့ရှိပါတယ်။ ဒါပေမယ့် ငါးဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲကတော့ အလွန်ရိုးရှင်း၊လွယ်ကူခဲ့ပါတယ်။ ဒါက ပွဲမတိုင်ခင် ကျွန်တော်တို့အားလုံးမျှော်လင့်ထားတဲ့ ရလဒ်မျိုးလည်း မဟုတ်ဘူး။ ဒါပေမယ့် မထိုက်မတန်အနိုင်ရခဲ့တာမျိုးလည်း မယူဆနိုင်ပါဘူး။ အခုတော့ ဒီပွဲက အဝေးမှာကျန်ခဲ့ပါပြီ။ ဒီပွဲပြီးနောက်မှာ သူတို့လည်း အပြောင်းအလဲတွေပြုလုပ်ပြီး အခုဆိုရင် မတူညီတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ရပ်လည်း ပိုင်ဆိုင်ထားပါတယ်။ ယူနိုက်တက်အသင်းက ရာသီကုန် အဆင့်လေးအတွင်း ဝင်နိုင်ဖို့ ကြိုးစားနေပြီး နောက်ရာသီအတွက်လည်း ပြင်ဆင်မှု အနည်းငယ်လုပ်နေပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်ကြိုးစားနေပြီး လုပ်နိုင်သမျှ အရာအားလုံးကို လုပ်သွားမှာ ဖြစ်ပါတယ်” ဟု Sky Sports သတင်းဌာနသို့ ပြောဆိုခဲ့သည်။

လီဗာပူးအသင်းသည် အမှတ်ပေးဇယားထိပ်ဆုံးရှိ ပတ်ဂွါဒီယိုလာ၏ မန်စီးတီးအသင်းအောက် ရမှတ် တစ်မှတ်သာ လျော့နည်းကာ ယခုရာသီပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အကြိတ်အနယ်အပြိုင်ကျဲနေသည်။ ဖလားလေးလုံးအောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိနေသည့် ကလော့ပ်၏ အသင်းအတွက် ယူနိုက်တက်နှင့်ပွဲစဉ်သည် အခက်ခဲဆုံးအမှတ်ပေးပွဲများအနက် တစ်ပွဲအဖြစ် စာရွက်ပေါ်တွင် ရေးသားဖော်ပြလေ့ရှိသည်။

ယခုရာသီ ကာရာဘောင်းချန်ပီယံ လီဗာပူးအသင်းသည် အက်ဖ်အေဖလားပြိုင်ပွဲတွင် ချဲလ်ဆီးအသင်းနှင့် ဗိုလ်လုပွဲအဆင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် မန်စီးတီးကို စိန်ခေါ်ကာ ရာသီကုန်ချန်ပီယံဖြစ်ခွင့်ရရှိရေး ကြိုးပမ်းနေသလို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်တွင် စပိန်ကလပ် ဗီလာရီးရဲလ်ကို ကျော်ဖြတ်နိုင်ခဲ့ပါက မန်စီးတီး-ရီးရဲလ်မက်ဒရစ်တို့ပွဲစဉ်မှ အနိုင်ရရှိသောအသင်းနှင့် ဗိုလ်လုပွဲ ဆင်နွှဲရမည်ဖြစ်သည်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဗန်ဒိုက် #ရန်နစ်