ရှေ့သို့
Image

လိဂ်ဝမ်းကို တန်းဆင်းသွားတဲ့ ဒါဘီမှာ ဆက်နေချင်သေးတဲ့ ရွန်းနီ

11:43 AM, 19 April

ဆွမ်ဆီးကို ၄-၁ နဲ့ရှုံးပြီး ကျုပီအာကို ၁-၀ နဲ့ ရှုံးပြီးနောက်မှာတော့ ဒါဘီဟာ လိဂ်ဝမ်းရဲ့ တန်းဆင်းဇုန်ကို ကျရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ရှောင်လွှဲလို့မရတဲ့နေ့ကျရောက်လာခဲ့ပြီမလို့ စိတ်ပျက်ဝမ်းနည်းနေပေမဲ့ ရွန်းနီကတော့ အကောင်းဖက်ကနေ တွေးနေဆဲဖြစ်ပါတယ်။

သူဟာ အခက်အခဲတွေကြားက မဆုတ်မနစ်တမ်းအားပေးခဲ့တဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ချီးကျူးလိုက်ပြီး ဒါဘီကတော့ ငွေရေးကြေးရေမတည်ငြိမ်မှုကြောင့် ၂၁ မှတ် အနှုတ်ခံလိုက်ရတာဖြစ်သလို စက်တင်ဘာလမှာ စီမံကြီးကြပ်မှုခံရတော့မှာလည်း ဖြစ်ပါတယ်။

တန်းဆင်းဇုန်ဆင်းခဲ့ရတာနဲ့ပက်သက်ပြီး မေးတဲ့အခါ ရွန်းနီက “ဂုဏ်ယူတယ်ဗျ။ အကုန်လုံးက တစ်စုတစ်ဖွဲ့တည်းလုပ်နေတာမလို့ ထူးခြားတဲ့ ခံစားချက်ပါပဲ။ အသင်းရဲ့တိုးတက်မှုကလည်း တကယ့်ကို အပြုသဘောဆန်ပါတယ်။ အသင်းတစ်သင်း တန်းဆင်းဇုံဆင်းရတာတောင် ပရိသတ်တွေက ဒီလိုမျိုးအားပေးနေတာ ကျွန်တော် မမြင်ဖူးပါဘူး။ မယုံနိုင်စရာကောင်းပါတယ်။ ဟုတ်ကဲ့။ စိတ်ပျက်ဖို့ကောင်း၊ ဝမ်းနည်းဖို့ကောင်း၊ စိတ်ဓာတ်ကျဖို့ကောင်းပေမဲ့ ဂုဏ်လည်းယူရပါတယ်” လို့ ဆိုပါတယ်။

အဆိုပါ ၃၆ နှစ်အရွယ်ကစားသမားဟာ ဘန်လေကိုပြောင်းနိုင်ခြေရှိနေတာဖြစ်ပြီး သူ့ရဲ့ ဒါဘီအသင်းက အခြေအနေကို အမေးခံခဲ့ရပါတယ်။ အသင်းပိုင်ရှင်မပြောင်းလဲမချင်း ဒါဘီမှာနေပြီတော့ အသင်းကို ပြန်လည်ပြောင်းလဲမှုတွေ လုပ်ချင်ပါတယ်လို့ ရွန်းနီကဆိုပါတယ်။

“အသင်းပိုင်ရှင်အသစ်ပြောင်းကို ပြောင်းမှဖြစ်မှာ။ အဲလိုမဖြစ်ဘဲ အသင်းအဆုံးသတ်သွားမှာကို ကျွန်တော် ကြောက်မိတယ်။ အဲလိုမဖြစ်ခဲ့ရင် အသင်းရဲ့အနာဂတ်ဟာ အရမ်းစိုးရိမ်ဖို့ကောင်းပါတယ်။ အဲလိုမဖြစ်ခဲ့ရင် ကျွန်တော်ရဲ့ အနာဂတ်ဟာလည်း စိုးရိမ်ဖို့ကောင်းပါတယ်။ အဲလိုဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်အနေနဲ့ အသင်းကို ပြန်ပြီး ပြုပြင်ပြောင်းလဲမှုလုပ်ချင်ပါတယ်။ ဒါတကယ်ကောင်းတဲ့အသင်း၊ အသင်းကြီးပါ။ ကျွန်တော်တို့အားလုံး ဒီမှာနေရတာ ဂုဏ်ယူပါတယ်။ တကယ့်ရွှေအိုရောင် နေ့ရက်တွေကို ပြန်လည်ယူဆောင်ချင်ပါတယ်။ ကစားသမားတွေအစား ကျွန်တော်လည်း စာနာမိပါတယ်။ ကျွန်တော်တို့တွေ ၅၂ မှတ်ရထားတာမလို့ ပုံမှန်အခြေအနေမှာဆိုရင်တော့ ဘေးကင်းပါတယ်” လို့ ရွန်းနီက ဆိုပါတယ်။

#ဒါဘီ #ရွန်းနီ