ရှေ့သို့
Image

ကြံ့ခိုင်မှု ပြဿနာကြောင့် ပဲလေ့စ်နဲ့ ပွဲမှာ လူကာကူ ပွဲထွက်ခဲ့ခြင်းမရှိတာဖြစ်တယ်လို့ တူချယ် ဖွင့်ဟ

12:09 PM, 18 April

သောမက်စ် တူချယ်က လူကာကူဟာ ကြံ့ခိုင်မှု မရှိတာကြောင့် ယမန်နေ့ည ခရစ္စတယ်ပဲလေ့စ်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ပွဲထွက်ခဲ့ခြင်း မရှိတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ၂ကျော့စလုံးမှာ ဂိုးသွင်းထားနိုင်ခဲ့တဲ့ ဝါနာက အဆိုပါပွဲစဉ်မှာ လူကာကူကို ကျော်ဖြတ်ကာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ တူချယ်ကတော့ ဘယ်လ်ဂျီယံသားရဲ့ ကြံ့ခိုင်မှု အခြေအနေမှာ ပွဲစကတည်းက ပါဝင်ဖို့ မဖြစ်နိုင်တာကြောင့် မပါဝင်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

တူချယ်က “သူ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ပါဝင်ဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိခဲ့ပါဘူး။ ဒဏ်ရာကနေ ပြန်လာပြီးနောက် ဒီလိုပွဲမျိုးမှာ ကစားရဖို့က မလွယ်ကူပါဘူး။ သူက အခြားကစားသမားတွေလိုမျိုး မိနစ်တွေ အများကြီး မကစားရသူဖြစ်ပြီး ကြံ့ခိုင်မှု အခြေအနေက ဒီနေ့ပွဲမှာ ပွဲထွက်ခွင့်ရနိုင်ဖို့ အခွင့်အရေးကောင်း မရှိခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။

လူကာကူတစ်ယောက် အသင်းမှာ ပါဝင်ခွင့်ရချိန်မှာလည်း အပိုင်အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့လို့ ဝေဖန်ခံခဲ့ရပါတယ်။ ဘယ်လ်ဂျီယံသားဟာ အင်တာမီလန်မှာ ပြသခဲ့တဲ့ ခြေစွမ်မျိုး ထပ်မံပြသနိုင်ခြင်း မရှိတော့ပဲ တူချယ်ရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

တူချယ်ကတော့ ကစားသမားအနေနဲ့ စိတ်ရှည်ပြီး အသင်းအတွက် အလုပ်ကြိုးစားမယ်ဆိုရင် ဂိုးတွေ ရလာလိမ့်မယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်က ပြောထားခဲ့ပါတယ်။

#ချဲလ်ဆီး #လူကာကူ #တူချယ် #အက်ဖ်အေဖလား