ရာမာဒန်ထွက်တဲ့ကစားသမားအတွက် ပွဲကိုခေတ္တရပ်ဆိုင်းပေးခဲ့တဲ့ ကွင်းလယ်ဒိုင်
12:10 PM, 14 April
ဘွန်ဒက်လီဂါကလပ် မိန့်ဇ်အသင်းရဲ့ ခံစစ်မှူးမူဆာနီယာကာတီရဲ့ ရာမာဒန်ထွက်ချိန်မှာ ဗိုက်ဖြည့်နိုင်ဖို့အတွက် ပထမဆုံးအကြိမ်အဖြစ် ဘွန်ဒက်လီဂါပွဲစဉ်တစ်ပွဲကို ရပ်တန့်ပေးခဲ့ပါတယ်။ ရာမာဒန်ကာလဟာ ဧပြီလမှာစတင်ပြီး အဆိုပါကာလအတွင်း နေ့အချိန်တွေမှာ ဘာအစားအသောက်မှ စားခွင့်သောက်ခွင့်မရှိပါဘူး။ အဲ့ဒါကြောင့် အော့စ်ဘတ်ကွင်းကို သွားကစားခဲ့ရတဲ့ မိန့်ဇ်အသင်းရဲ့ အဝေးကွင်းပွဲစဉ်ရဲ့ ပွဲချိန် ၆၅ မိနစ်မှာတော့ ကွင်းလယ်ဒိုင် မားသီးရက်စ်ဂျိုလန်ဘက်က နီယာကာတီရေဓာတ်ဖြည့်နိုင်ဖို့အတွက် ပွဲကိုခေတ္တရပ်နားပေးခဲ့ပါတယ်။
အခုလိုပွဲရပ်နားမှုမျိုး ဘွန်ဒက်လီဂါသမိုင်းမှာ မရှိခဲ့ဖူးတာကြောင့် ကွင်းလယ်ဒိုင်ဂျိုလန်ဘက်နဲ့ နီယာကာတီတို့ဟာ ရာမာဒန်ထွက်တဲ့ ကစားသမားတစ်ယောက်အတွက် ပွဲကိုခေတ္တရပ်နားပေးခဲ့တဲ့ ပထမဆုံး ကွင်းလယ်ဒိုင်နဲ့ ကစားသမားတို့ ဖြစ်ခဲ့ပါတယ်။ နီယာကာတီဟာ ရေဘူးနှစ်ဘူးထဲက ရေဓာတ်ဖြည့်အချိုရည်တွေကို မိန့်ဇ်ဂိုးသမား ရိုဘင်ဇန်ထ်နာနဲ့ စကားပြောရင်း သောက်သုံးခဲ့ပါတယ်။
၂၆ နှစ်အရွယ်ခံစစ်မှူးဟာ ကွင်းလယ်ဒိုင်ဂျိုလန်ဘက်ရဲ့ လေးစားဖွယ် လုပ်ရပ်အတွက် ကျေးဇူးတင်စကားပြောပြီး လက်ဆွဲနှုတ်ဆက်ကာ အသိအမှတ်ပြုခဲ့ပါတယ်။ ဂျာမန်ဘောလုံးဒိုင်မှာကော်မတီရဲ့ လူမှုဆက်ဆံရေး ဒါရိုက်တာ လုဇ်မိုက်ကယ်ဖရိုလစ်ချ်က ကွင်းလယ်ဒိုင်တွေအနေနဲ့ အစားမစားရသေးတဲ့ ကစားသမားတွေ အထူးသဖြင့် ရာမာဒန်ထွက်တဲ့ ကစားသမားတွေအတွက် ပွဲကိုကြိုက်တဲ့ အချိန် ရပ်နားခွင့်ရှိပါတယ်လို့ ပြောခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာတော့ အော့စ်ဘတ်က မိန့်ဇ်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်နောက်ပိုင်း နောက်ထပ်ရာမာဒန်ထွက်မယ့် ကစားသမားတွေအတွက် ပွဲကိုခေတ္တရပ်နားမှုတွေ အများအပြား ရှိလာနိုင်ပါတယ်။ တနင်္ဂနွေနေ့တုန်းက လိုက်ပ်ဇစ်က ဟော့ဖန်ဟိမ်းကို ၃-၀ နဲ့ အနိုင်ရရှိတဲ့ ပွဲစဉ်မှာလည်း ကွင်းလယ်ဒိုင်ဘက်စတီယန်ဒန်ကတ်က လိုက်ပ်ဇစ်နောက်ခံလူ မိုဟာမက်ဆီမာကန် ရေဓာတ်ဖြည့်နိုင်ဖို့ ပွဲကိုခေတ္တရပ်နားခဲ့ပါသေးတယ်။
လာမယ့်ပိတ်ရက်မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကလည်း ညနေပိုင်းမှ ကန်တာဖြစ်လို့ အဲ့ဒီအချိန်မှာလည်း ရာမာဒန်ထွက်တဲ့ ကစားသမားတွေ ရှိနိုင်တာကြောင့် ဘွန်ဒက်လီဂါမှာလို ပွဲကိုခေတ္တရပ်နားရတဲ့ အဖြစ် တွေ ရှိလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက လက်စတာနဲ့ခရစ္စတယ်ပဲလေ့စ်တို့ ကင်းပါဝင်ကွင်းကြီးမှာ ကစားစဉ်က ရာမာဒန်ထွက်လာတဲ့ လက်စတာခံစစ်မှူး ဝက်စ်လေဖိုဖာနာနဲ့ ပဲလေ့စ်ကွင်းလယ်လူ ချီယီခူကူယာတေးတို့ကို အစားစားခွင့်ပြုခဲ့ပါတယ်။
#လက်စတာ #ခရစ္စတယ်ပဲလေ့စ် #မိန့်ဇ် #ဘွန်ဒက်စ်လီဂါ #အော့စ်ဘတ်