ရှေ့သို့
Image

ရာသီကုန်အထိ အနားယူရဖွယ်ရှိနေတဲ့ နောက်ခံလူဇူးမား

11:24 AM, 14 April

ဝက်စ်ဟမ်းအသင်းကတော့ သူတို့ရဲ့ ကစားသမား ကာ့ဇူးမားရဲ့ ဒဏ်ရာအခြေအနေအပေါ် စိတ်ပူနေပါတယ်။ ပြီးခဲ့တဲ့အပတ်က ဘရန့်ဖို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာရခဲ့တဲ့ ဇူးမားဟာ ရာသီကုန်အထိ အနားယူရမယ့် အခြေအနေမျိုး ရှိနေတာပါ။


ဘရန့်ဖို့ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲရဲ့ ပထမပိုင်းမှာပဲ ဇူးမားဟာ အခုလို ဒဏ်ရာရခဲ့တာပါ။  ဝက်စ်ဟမ်းအသင်းက ဇူးမားအနေနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ လိုင်ယွန်နဲ့ ပွဲစဉ်မှာ ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ထိုပွဲစဉ်ဟာ ပထမအကျော့က ၁-၁ သရေ ရလဒ်ထွက်ပေါ်ထားခဲ့တာပါ။ 


"ပြင်သစ်သားဟာ ခြေကျင်းဝတ် ဒဏ်ရာအတွက် အခြားသောစစ်ဆေးမှုတွေ ကို လန်ဒန်မှာပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။" လို့ အသင်းကထုတ်ပြန်ထားပါတယ်။ အသင်းအနေနဲ့ ကစားသမားဟာ ဘယ်ရက်မှာ ပြန်လည် ကစားနိုင်မယ်ဆိုတာကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ Guardian သတင်းတွေအရ အသင်းဟာ ကစားသမားကို ရာသီကုန်အထိ အသုံးပြုခွင့်မရမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။ ထိုကဲ့သို့ ဒဏ်ရာမျိုးဟာ အနည်းဆုံး တလလောက် အနားယူရလေ့ရှိတယ်လို့လဲ သိရပါတယ်။ အကယ်၍သာ သေချာပေါက် အနားယူရပါက ဒေးဗစ်မိုရက်ရဲ့ ဝက်စ်ဟမ်းအသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ရပ်ဖြစ်လာနိုင်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေသလို ယူရိုပါလိဂ်မှာလဲ ပြိုင်ပွဲအတွင်းရှိနေသေးလို့ ဆုဖလားရယူနိုင်ဖို့ ဆက်လက်ကြိုးစားနေတာဖြစ်ပါတယ်။ 


ဝက်စ်ဟမ်းအသင်းဟာ အသင်းရဲ့ ခံစစ်ကစားသမား အန်ဂျယ်လို အော့ဘိုနာကို ဒူးဒဏ်ရာကြောင့် ရာသီအကုန်ထိ အသုံးမပြုနိုင်ပဲ လက်လွှတ်ထားရတာပါ။ ယခု ဇူးမားလဲ ဒဏ်ရာကြောင့် အနားယူရမယ်ဆိုလျှင် နည်းပြအတွက် ခရစ်ဒေါ်ဆင်နဲ့ အစ်ဆာဒီရော့တို့ပဲ အသုံးပြုဖို့ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ ဇူးမားဟာ ဝက်စ်ဟမ်းအသင်းအတွက် ဒီရာသီ ပြိုင်ပွဲအရပ်ရပ် ၂၇ ပွဲ ကစားပေးထားတာပဲ ဖြစ်ပါတယ်။


#ဇူးမား #ပြင်သစ် #ဘရန့်ဖို့ဒ် #ဝက်စ်ဟမ်း #ယူရိုပါလိဂ်