ရှေ့သို့
Image

ယူနိုက်တက်မှာဆက်ရှိသင့်တဲ့ ကစားသမား ၃ ယောက်ကို ပြောပြခဲ့တဲ့ မာ့ခ်ဘော့စ်နစ်

2:32 PM, 13 April

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း မာ့ခ်ဘော့စ်နစ်က ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာခွင့်မပေးသင့်တဲ့ ကစားသမား ၃ ယောက်ပဲရှိကြောင်း ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီမှာ ရည်မှန်းချက်တွေကို ဖြည့်ဆည်းနိုင်စွမ်းမရှိပဲ ဆက်တိုက်ဆိုသလို ကျဆင်းမှုတွေနဲ့ပဲ ကြုံတွေ့နေရပါတယ်။ 

စနေနေ့ကဆိုရင် တန်းဆင်းဇုန်အန္တရာယ်ပါရှိနေတဲ့ အဲဗာတန်ကိုပါ ရှုံးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်ရဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကိုပါ လက်လျှော့ရမလိုဖြစ်သွားခဲ့ပါတယ်။ ပရိသတ်တွေကတော့ အခုဆိုရင် ဒီရာသီကို အမြန်ဆုံးအဆုံးသတ်ပြီး နည်းပြအသစ်နဲ့ အသင်းရဲ့အသွင်သစ်ကို မြင်တွေ့လိုနေကြပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ အေဂျက်စ်နည်းပြ အဲရစ်တန်ဟတ်ဟာ ဒီနွေရာသီမှာ အေဂျက်စ်ကနေ ထွက်ခွာပြီး အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့မှာ သေချာသလောက် ရှိနေပါတယ်။ 

လက်ရှိကစားသမားတွေဖြစ်ကြတဲ့ ပေါလ်ပေါ့ဂ်ဘာ၊ ဂျက်ဆီလင်ဂတ်နဲ့ အက်ဒီဆင်ကာဗာနီတို့အားလုံး နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မှာဖြစ်တာကြောင့် နည်းပြသစ်နဲ့အတူ ကစားသမားသစ်တွေလည်း ယူနိုက်တက်ကို ရောက်လာဖို့ရှိနေပါတယ်။ မန်ချက်စတာညနေခင်းသတင်းရဲ့ ပင်တိုင်ကလောင်ရှင် တိုင်ရုန်းမာရှယ်ကတော့ ဂျေဒန်ဆန်ချို၊ ဘရူနိုဖာနန်ဒက်စ်နဲ့ ရာဖေးလ်ဗာရာနီတို့ ၃ ယောက်သာ လာမယ့်ရာသီ ယူနိုက်တက်မှာ ဆက်ရှိသင့်တယ်လို့ သုံးသပ်ရေးသားခဲ့ပါတယ်။ 

ဒါပေမယ့် ဘော့စ်နစ်ကတော့ သူ့အမြင်အရ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ရှိသင့်တဲ့ ကစားသမား ၃ ယောက်အကြောင်းကို ပြောခဲ့ပါတယ်။ ဘော့စ်နစ်က “ ဒုံးပျံသိပ္ပံပညာရှင်တစ်ယောက် ဒီအသင်းကို လာကြည့်ရင်တောင် အသင်းမှာ သစ်ပင်အသေလိုဖြစ်နေတဲ့ ကစားသမားတွေ ရှိနေတာကို တန်းပြီးသဘောပေါက်ပါလိမ့်မယ်။ ကစားသမားအများစုက အသင်းမှာ အချိန်အကြာကြီးနေခဲ့ပြီး နည်းပြအများအပြားနဲ့လည်း ကြုံတွေ့ခဲ့ရပြီးပါပြီ။ 

အခုထိ ကျွန်တော်စိုးရိမ်နေတာကတော့ ဘာမှအပြောင်းအလဲ မရှိသေးတာပဲ။ အခုချိန်က ရှေ့ဆက်ရမယ့်အချိန်ပါ။ နည်းပြသစ်နဲ့အတူ အစအဆုံးပြောင်းလဲပြီး ရှေ့ဆက်ရမှာပါ။ လက်ရှိကစားသမား အားလုံးထဲမှာ ဒီရာသီအကောင်းဆုံး ကစားခဲ့တဲ့ သူတွေကို ဆက်ထိန်းထားသင့်ပါတယ်။ ဒေးဗစ်ဒီဂီယာဆိုရင် နောက်ဆုံး လေးငါးရာသီ ဆက်တိုက်ကို အကောင်းဆုံး စွမ်းဆောင်ပေးခဲ့တာပါ။ ဘရူနိုဖာနန်ဒက်စ်လည်းအတူတူပဲ။ ရာဖေးလ်ဗာရာနီကတော့ ခံစစ်အတွက် မရှိမဖြစ်ပေါ့။ အားလုံးကျွန်တော်ပြောတာကို ဆွေးနွေးလို့ရပါတယ် ” ဆိုပြီး သုံးသပ်ဝေဖန်ခဲ့ပါတယ်။ 

#ဗာရာနီ #ကာဗာနီ #မန်ချက်စတာယူနိုက်တက် #လင်ဂတ် #ပေါ့ဂ်ဘာ #ဖာနန်ဒက်စ် #ဆန်ချို #ချန်ပီယံလိဂ် #တန်ဟတ်