ရှေ့သို့
Image

ဓါးပြတစ်ဦးက လက်ချောင်းများကို ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အက်ရှ်လေကိုးလ်ထွက်ဆို

1:52 PM, 12 April

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ပရီးမီးယားလိဂ်နောက်ခံလူဟောင်း အက်ရှ်လေးကိုးလ်မိသားစုသည် ဓါးပြတိုက်မှုတစ်ခုနှင့် ကြုံကြိုက်ခဲ့ပြီး လက်ဝတ်ရတနာများ၊ မိုဘိုင်းလ်ဖုန်းများနှင့် BMW ကားတစ်စီး လုယက်ခံခဲ့ရသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ကျူးလွန်သူဟုယူဆခံရသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် နော့တင်ဟမ်ခရောင်းတရားရုံး၌ ရုံးတင်စစ်ဆေးခဲ့ရာ ဓါးပြမှုအတွင်း ဓါးပြတစ်ဦးက သူ၏ လက်ချောင်းများကို ပလေယာဖြင့် ဖြတ်တောက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အဲဗာတန်အသင်းတွင် ပထမအသင်းနည်းပြအဖြစ် တာဝန်ယူထားသော အက်ရှ်လေကိုးလ်က  သက်သေထွက်ဆိုခဲ့သည်။

ထို့ပြင် ဓါးပြတိုက်မှုအတွင်း ကြိုးဖြင့်တုပ်နှောင်ခံခဲ့ရကြောင်း၊ သားသမီးနှစ်ဦးမှာလည်း ၎င်းနှင့်အတူ နေအိမ်အတွင်း ရှိနေခဲ့ကြောင်းနှင့် အဝတ်ဗီရိုအတွင်း ပုန်းအောင်းနေသော ဇနီးဖြစ်သူက ရဲတပ်ဖွဲ့ထံ ဖုန်းဖြင့်အကြောင်းကြားရန် ကြိုးစားခဲ့ကြောင်း အက်ရှ်လေကိုးလ်က တရားရုံးရှေ့ တင်ပြခဲ့သည်။

စုံထောက် မိုက်ကယ်ဘရက်ဒ်လေက " ဓါးပြတစ်ဦးက အဝတ်ဗီရိုတံခါးကို ဖွင့်ခဲ့ပြီးနောက်မှာ အက်ရှ်လေကိုးရဲ့ ဇနီးကို တွေ့သွားတယ်။ ရဲကိုအကြောင်းကြားနေတဲ့ ဖုန်းကိုလည်း အဝေးကို လွှင့်ပစ်လိုက်တယ်။ ပြီးတော့ အက်ရှ်လေကိုးရဲ့ လက်ကို နောက်ပြန်ကြိုးတုပ်ပြီး ဒူးထောက်ခိုင်းထားတာကို သူရဲ့ ဇနီးက တွေ့မြင်လိုက်ရတယ်"ဟု တရားရုံးတော်တွင် တင်ပြခဲ့သည်။

အလားတူ ပရီးမီးယားလိဂ်ကွင်းလယ်လူဟောင်း တွမ်ဟက်ဒယ်စတုန်း၏ နေအိမ်တွင်လည်း ယခုကဲ့သို့ အကွက်ကျကျစီစဉ်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မိုက်ကယ်ဘရက်ဒ်လေက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ဒါဘီအသင်းအတွက် ဟက်ဒယ်စတုန်း သွားရောက်ကစားနေစဉ် စွပ်စွဲခံရသူ ကာတစ်ဒိုက်၊ အက်ရှ်လေကမ်ပါပတ်စ်နှင့် အန်ဒရူးမက်ဒေါ်နယ်တို့သည် ဟက်ဒယ်စတုန်း၏ ဇနီး ဂျိုအန်နာအား လက်ပြန်ကြိုးတုပ်၍ မင်္ဂလာလက်ထပ်လက်စွပ်အပါအဝင် ပေါင် ငါးသိန်းတန်ကြေးရှိ လက်ဝတ်ရတနာများနှင့် လက်ကိုင်အိတ်များကို လုယက်ခဲ့ပြီး ဟက်ဒယ်စတုန်း၏ ဇနီးအား အသားမနာချင်ပါက ငြိမ်ငြိမ်နေဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ စွပ်စွဲခံရသူများက အပြစ်မရှိကြောင်း တုံ့ပြန်ခဲ့ပြီး တရားရုံးရှေ့စစ်ဆေးမှု ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

#ဒါဘီ #အဲဗာတန် #အက်ရှ်လေကိုး