ရှေ့သို့
Image

ရက်ရှ်ဖို့ဒ်ရဲ့အခြေအနေက စိုးရိမ်စရာဖြစ်လာလို့ ဘာတွေဖြစ်နေလဲသိချင်မိတယ်ဆိုတဲ့ ဖာဒီနန်

1:49 PM, 10 April

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန်ကတော့ လက်ရှိယူနိုက်တက် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ အခြေအနေက စိုးရိမ်စရာဖြစ်လာတာကြောင့် နောက်ကွယ်မှာ ဘာတွေဖြစ်နေလဲဆိုတာ တကယ်သိချင်လာမိတယ်လို့ ပြောသွားခဲ့ပါတယ်။ 

၂၄ နှစ်အရွယ်သာ ရှိသေးတဲ့ ရက်ရှ်ဖို့ဒ်ဟာ စနေနေ့က ဂွတ်ဒီဆင်ပါ့ခ်မှာ အဲဗာတန်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲက ယူနိုက်တက်ရဲ့ လူစာရင်း အပြောင်းအလဲ ၆ ခုထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ ပွဲအစပိုင်းမှာ ခြေစွမ်းကောင်းတစ်ချို့ ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လုံးဝကို ခြေစွမ်းပျောက်ဆုံးသွားခဲ့ပါတယ်။ ပိုဆိုးတာက တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အဲဗာတန်က အန်တိုနီဂေါ်ဒွန်ရဲ့ လူထိဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါပဲ။ 

ပွဲချိန် မိနစ် ၆၀ ဝန်းကျင်မှာတော့ နည်းပြရန်နစ်က ရက်ရှ်ဖို့ဒ်ကို အန်တိုနီအီလန်ဂါနဲ့ လူစားလဲခဲ့ပါတယ်။ အခုဆိုရင် ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် ၈ ပွဲဆက် ဂိုးမသွင်းနိုင်သေးပဲ ဒီရာသီမှာလည်း ပြိုင်ပွဲစုံ သွင်းဂိုး ၅ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ယူနိုက်တက်ခံစစ်မှူးဟောင်း ဖာဒီနန်ကတော့ အသင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက် အခုလိုဖြစ်နေတဲ့အတွက် စိုးရိမ်မိကြောင်းနဲ့ လက်ရှိအိုးလ်ထရက်ဖို့ဒ်က ပြဿနာတွေဟာ ရက်ရှ်ဖို့ဒ်ကို အပြင်းထန်ဆုံး ရိုက်ခတ်နေတယ်လို့ ထင်မိကြောင်း ပြောခဲ့ပါတယ်။ 

ဖာဒီနန်က “ သူ(ရက်ရှ်ဖို့ဒ်) ကျွန်တော့်ကို စိုးရိမ်အောင်လုပ်နေတာပဲ၊ နောက်ကွယ်မှာ ဘာတွေဖြစ်နေတာလဲဆိုတဲ့ မေးခွန်းတွေ အများကြီး မေးချင်လာတယ်။ (သူ့ပုံစံက) ခြချလက်ချနဲ့ လုံးဝကို ယုံကြည်မှုပျောက်ဆုံးနေတာပါ။ ဒါက မတည်မငြိမ်ဖြစ်နေတဲ့ ဘောလုံးအသင်းတစ်သင်းရဲ့ နောက်ဆက်တွဲ ပြဿနာလို့ ထင်ပါတယ်။ သူကမန်ချက်စတာသားစစ်စစ် တစ်ယောက်ပါ ဒီအသင်းနဲ့ပဲ အမြစ်တွယ်နေတဲ့ ကစားသမား တစ်ယောက်လည်းဖြစ်တယ်။

အောင်မြင်မှုနဲ့ပဲ ကြီးပြင်းလာတဲ့သူတစ်ယောက်က အောင်မြင်မှုနဲ့ပဲ အသားကျနေမှာပဲ။ ဒါက ဘောလုံးသမား တစ်ယောက်အတွက် ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခုပဲ။ ဒီအချိန်မှာ သေချာပေါက် ခံစားချက်လွန်ကဲနေလိမ့်မယ်။ သူ့ရဲ့အမူအရာတွေကို ဖုန်းကွယ်ထားသင့်တယ်လို့တော့ မထင်ဘူး။ သူလည်းအသင်းအတွက် အောင်မြင်မှုတွေ ပြန်ပြီးရယူပေးချင်ပါလိမ့်မယ် ” လို့ ပြောသွားခဲ့ပါတယ်။ 

ယူနိုက်တက်ဂိုးသမား ဒေးဗစ်ဒီဂီယာကလည်း အသင်းရဲ့ခြေစွမ်းကို ပွဲပြီးအင်တာဗျူးမှာ ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။ ဒီဂီယာက “ သူတို့ ဗုဒ္ဓဟူးနေ့တုန်းကလည်း ပွဲကစားခဲ့ရတော့ သေချာပေါက် ပွဲပန်းနေတယ် ဒါပေမယ့် ကျွန်တော်တို့ထက်တော့ စိတ်ဓာတ်ပိုင်း ပိုကောင်းခဲ့တယ်။ ဒါက လုံးဝကို လက်မခံချင်စရာပဲ။ အရှုံးအတွက် ဝမ်းနည်းပေမယ့် ကျွန်တော်တို့ခြေစွမ်းကတော့ တကယ်ရှက်ဖို့ကောင်းတယ်။ ဒီလိုပွဲမျိုးက နိုင်ကိုနိုင်ရမှာပါ ” လို့ ဝေဖန်ခဲ့ပါတယ်။ စနေညရဲ့ နောက်ဆုံးပွဲစဉ်မှာ တော့တင်ဟမ်က အက်စတွန်ဗီလာကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ၆ မှတ်အကွာထိ ရောက်ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ 


#ဒီဂီယာ #မန်ချက်စတာယူနိုက်တက် #ဖာဒီနန် #ရက်ရှ်ဖို့ဒ် #ရန်နစ်