ရှေ့သို့
Image

နွေရာသီမှာ အာဆင်နယ်အသင်း ငွေသုံးကြမ်းနိုင်တယ်လို့ အာတီတာ အရိပ်အမြွက်ဆို

12:20 PM, 9 April

မီကယ် အာတီတာက လာမယ့်နွေရာသီမှာ အာဆင်နယ်အသင်း ငွေသုံးကြမ်းနိုင်တယ်လို့ အရိပ်အမြွက် ပြောခဲ့ပြီး ဇန်နဝါရီမှာ ကစားသမား၅ဦးအထိ လျော့ချခဲ့မှုအပေါ် ကာကွယ်ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့နွေရာသီက ဘန် ဝှိုက်၊ ရမ်းစ်ဒေး၊ အိုဒီတ်တို့အတွက် ပေါင် သန်း၁၀၀ကျော် သုံးစွဲခဲ့ပြီး အာတီတာကို ထောက်ပံ့ပေးတယ်ဆိုတာ သက်သေပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဆိုးရွားတဲ့ ရာသီအစကနေ ပြန်လည် ရုန်းထလာနို်ငခဲ့ပြီး အဆင့်၄နေရာအတွက် တိုက်ပွဲဝင်နေကာ တော့တင်ဟမ်၊ ယူနိုက်တက်၊ ဝက်စ်ဟမ်းတို့နဲ့အပြိုင် ဖြစ်နေပါတယ်။

ဥရောပဝင်ခွင့်ပြန်ရရင် စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်လာရမှာဖြစ်ပြီး အာတီတာက ဇန်နဝါရီမှာ အသင်းကစားသမားတွေကို လျောချခဲ့ပြီးနောက် အလုပ်များတဲ့ နွေရာသီတစ်ခု မြင်ရဖို့ မျှော်မှန်းထားခဲ့ပါတယ်။

အာတီတာက “ကျွန်တော် အလုပ်များတဲ့ နွေရာသီတစ်ခု မြင်ရမယ်လို့ မျှော်လင့်ပါတယ်။ ဥရောပဝင်ခွင့်ရရင် ပွဲတွေပိုများလာမှာဖြစ်လို့ ဒီထက်ပိုတောင့်တဲ့ လူစာရင်း လိုအပ်ပါတယ်။ ဒါကြောင့် ဘယ်ပြိုင်ပွဲ ဝင်ခွင့်ရတယ်ဆိုတာက အများကြီး ပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး”

“ဘဏ္ဍာရေးအရ တတ်နိုင်ရင် ကျွန်တော်တို့ လုပ်ရမယ့်အရာတွေအတွက် နောက်ပြန်လှည့်စရာ မလိုပါဘူး။ ကျွန်တော်  လိုချင်တာကတော့ ရှေ့လယ်နောက် ကစားသမား ၂၂ယောက်၊ ဂိုးသမား ၃ယောက်ပါ”

“ကွင်းထဲ မြင်ရမယ့်အရာတွေအပေါ် ဘက်ပေါင်းစုံက အများကြီး စဉ်းစားရပါတယ်။ အသင်းမှာ တည်ဆောက်စရာ အများကြီးရှိပြီး အဲ့ဒါတွေအတွက် အချိန်ပေးရပါတယ်”လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ထိပ်သီး၄သင်းမျှော်လင့်ချက်က တီယာနေးနဲ့ ပါတေးရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ထိုးနှက်ချက် ဖြစ်သွားပေမဲ့ အာတီတာကတော့ အူဘာမီယန်း၊ မာရီ၊ ချမ်ဘာစ်၊ ကိုလာစီနက်၊ မစ်လန်းနိုင်းစ်တို့ကို အသင်းကနေ လက်လွှတ်ခဲ့ခြင်းက အမှားမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

“သူတို့က ကျွန်တော် တကယ်တမ်း မသုံးတဲ့ ကစားသမားတွေပါ။ အခု သူတို့ကို ဆက်ထားမယ်ဆိုရင်လည်း ဘယ်လောက်ထိ ကစားရမယ်ဆိုတာ ကျွန်တော်လည်း မသိသလို ခင်ဗျားတို့လည်း မသိပါဘူး”

“ကျွန်တော်တို့ ယုံကြည်ရာ၊ မှန်ကန်မယ်ထင်တဲ့အရာတွေအတွက ဆုံးဖြတ်ချက်ချရတာဖြစ်ပြီး သူတို့က လပေါင်းများစွာ သိပ်မကစားရခဲ့လို့ ပွဲထွက်ခွင့် တောင်းဆိုကြတဲ့ ကစားသမားတွေသာ ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပဲလေ့စ်နဲ့ပွဲက ဂိုးပြတ်အရှုံးကို ယနေ့ည ဘရိုက်တန်နဲ့ပွဲ ချေဖျက်သွားနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #ဘရိုက်တန် #တီယာနေး