ရှေ့သို့
Image

ယခင်ခွဲစိတ်မှုတုန်းက ထည့်ထားတဲ့ သံမူလီတွေကို ပြန်ဖြုတ်ဖို့ ခွဲစိတ်ကုသမှုခံရယူရဦးမယ့် လုခ်ရှော

12:15 PM, 9 April

ယူနိုက်တက်ယာယီနည်းပြ ရက်ဖ် ရန်းနစ်က နောက်ခံလူ လုခ် ရှောဟာ ၂ပတ်ကနေ ၃ပတ်ကြား အနားယူရမယ်လို့ အတည်ပြုခဲ့ပါတယ်။ 

၂၆နှစ်သားဟာ ၂၀၁၅ခုနှစ် ခြေကျိုးခဲ့စဉ်တုန်းက ထည့်ခဲ့ရတဲ့ သံမူလီတွေကို ပြန်ဖြုတ်ဖို့အတွက် ထပ်မံခွဲစိတ်မှု ခံယူရဦးမှာ ဖြစ်ပါတယ်။

လုခ်ရှောဟာ လက်စတာနဲ့ ၁ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာတင် လူစားလဲခဲ့ရပါတယ်။

အင်္ဂလန်သားဟာ ညာခြေထောက်မှာ ကနဦး ခွဲစိတ်မှုမှ ထည့်ထားတဲ့ မူလီတွေကြောင့် နာကျင်မှု ခံစားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲဗာတန်နဲ့ပွဲမတိုင်ခင် ရန်းနစ်က ပြောရာမှာ “ကျွန်တော်တို့ လက်စတာနဲ့ပွဲ ပထမပိုင်းအပြီးမှာတင် သူ့ကို လူလဲလိုက်ရပြီး သူ ၂၀၁၅ခုနှစ် ခွဲစိတ်ကုသမှုကနေ ပြဿနာလေးတွေ ရှိခဲ့ပါတယ်”

“ဆရာဝန်က လုခ်ရှောခြေထောက်ကနေ သံမူလီတွေ ဖြုတ်မယ်လို့ သူတို့ဆုံးဖြတ်ထားကြောင် အသိပေးခဲ့ပြီး မနက်ဖြန် ပြုလုပ်မှာဖြစ်ကာ သူ ၂ပတ်ကနေ ၃ပတ်ကြား နားရမှာပါ”လို့ ပြောခဲ့ပါတယ်။

ရှောဟာ ၂၀၁၅ခုနှစ် စက်တင်ဘာလ ပီအက်စ်ဗွီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ညာခြေထောက်ကျိုး ဒဏ်ရာရရှိခဲ့ပြီး ၁၁လကြာ အနားယူခဲ့ရပါတယ်။

ပြီးခဲ့တဲ့လ အင်္ဂလန်အသင်းအတွက် ကစားပေးနေစဉ် အဆိုပါနေရာကနေ နာကျင်မှု ခံစားခဲ့ရတာဖြစ်ပြီး လက်စတာနဲ့ပွဲမှာ ပိုဆိုးလာခဲ့ပါတယ်။

အဆိုပါ ခွဲစိတ်ကုသမှုကြောင့် လုခ်ရှောဟာ အဲဗာတန်၊ နောဝစ်ချ်၊ လီဗာပူး၊ အာဆင်နယ်နဲ့ပွဲတွေကို လွဲချော်ဖွယ် ရှိနေပါတယ်။

လုခ်ရှော မရှိချိန်မှာတော့ ဘယ်နောက်ခံလူနေရာကို အဲလက်စ် တဲလက်စ်က တာဝန်ယူသွားဖို့ ရှိနေပါတယ်။

လုခ်ရှောဟာ ယခုနှစ်ရာသီ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၇ပွဲကစားပေးထားကာ ပရီးမီးယားလိဂ်မှာ ပွဲ၂၀ ကစားထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #လုခ်ရှော #တဲလက်စ် #ရန်းနစ်