ရှေ့သို့
Image

ဝုဗ်နဲ့ပွဲမှာ အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ခရစ်ဝုဒ်ကို နည်းပြဟိုဝီ ချီးကျူး

11:56 AM, 9 April

နယူးကာဆယ်အသင်းရဲ့နည်းပြ အက်ဒီဟိုဝီကတော့ မနေ့ညက ဝုဗ်နဲ့ပွဲမှာ အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ဇန်နဝါရီကမှ ပေါင် ၂၅ သန်းနဲ့ခေါ်ယူထားတဲ့ တိုက်စစ်မှူးခရစ်ဝုဒ်ကို ချီးကျူးခဲ့ပါတယ်။ 

ဝုဒ်အတွက်တော့ ငှက်ကျားအသင်းအတွက် ဒုတိယမြောက်သွင်းယူနိုင်တဲ့ ဂိုးဖြစ်ပြီး ပွဲချိန် ၇၂ မိနစ်မှာ အသင်းအတွက် ပထမဆုံးအကြိမ် ကန်ခွင့်ရတဲ့ ပင်နယ်တီကနေ ရရှိခဲ့တာဖြစ်ပါတယ်။ ၁-၀ နဲ့ ကပ်နိုင်ခဲ့တာကြောင့် နယူးကာဆယ်ဟာ အခုဆိုရင် တန်းဆင်းဇုန်နဲ့ ၁၀ မှတ်အကွာကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ 

နယူးဇီလန်လက်ရွေးစင်ဟာ ပထမပိုင်းမှာလည်း ဂိုးသွင်းနိုင်ခဲ့ပေမယ့် VAR က ပယ်ဖျက်ခဲ့ပါတယ်။ ပွဲပြီးအင်တာဗျူးမှာ တိုက်စစ်မှူးဝုဒ်ရဲ့ အကျိုးသက်ရောက်မှုကို မေးမြန်းရာမှာတော့ နည်းပြဟိုဝီက “ သူ့ပုခုံးပေါ်မှာ တော်တော်လေးဖိအားများနေတာပါ။ ဒါပေမယ့် ပင်နယ်တီကို အကောင်းဆုံးပုံစံနဲ့ ကန်သွင်းသွားပါတယ်။ သူ့အတွက်တော့ ကြီးကျယ်တဲ့အခိုက်အတန့်ပါပဲ။ 

သူက ဒီလိုတာဝန်တွေကို အရမ်းလိုချင်တာပါ။ ဒီလိုအသင်းတစ်သင်းကို ရောက်လာပြီဆိုရင်တော့ တာဝန်တွေလည်း အများကြီးထမ်းရမှာပါ၊ သူအသင်းကို စရောက်ကတည်းက ကျွန်တော်သူ့ကိုပေးထားတဲ့ တာဝန်တွေအများကြီးရှိပါတယ်။ ကျွန်တော်သူ့ကို ဘယ်လောက်ထိ မျှော်လင့်ထားလဲဆိုတာ အမြဲတမ်းပြောခဲ့ပါတယ်။ 

စကားလုံးတိုင်းမှာ သူက ကျွန်တော့်အတွက်၊ အသင်းအတွက် ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ပြောပြထားတယ်။ ဒါပေမယ့် သူဂိုးသွင်းဖို့လိုပါတယ်၊ အထောင်တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့အတွက် ဂိုးသွင်းနိုင်ဖို့လိုပါတယ်။ တကယ်လည်း သွင်းနိုင်ခဲ့လို့ ကျွန်တော်အရမ်းကျေနပ်ပါတယ် ” လို့ ပြောခဲ့ပါတယ်။ နောက်ထပ် ကစားသမားသစ်တစ်ဦးဖြစ်တဲ့ ပေါင် ၃၃ သန်းတန် ဘရာဇီးကွင်းလယ်လူ ဘရူနိုဂူမာရေးလည်း အိမ်ကွင်းမှာ ပထမဆုံးအကြိမ် ပွဲထွက်လူစာရင်းထဲ ပါဝင်လာခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ 

နည်းပြဟိုဝီက “ ဒီနေ့လို ပွဲကျပ်မျိုးမှာ သူ(ဂူမာရေး) အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဘောလုံးရတိုင်း ခေါင်းသုံးပြီး ကစားသွားတယ်။ သူ့ရဲ့နေရာယူပုံတွေ၊ ဘောလုံးဖြန့်ဝေပုံတွေက အရမ်းကောင်းပါတယ်။ ဘရူနိုကအကြောက်အလန့်လည်း မရှိပါဘူး၊ ဘောလုံးရတဲ့အကြိမ်တိုင်းမှာ လှလှပပကစားသွားတယ်။ အဲ့ဒါကြောင့်လည်း သူ့ကို ကျွန်တော်တို့ အရမ်းကြိုက်တာပါ ” လို့ ပြောခဲ့ပါတယ်။ 

#ဝုဗ် #နယူးကာဆယ် #ဟိုဝီ #ဂူမာရေးစ် #ခရစ်ဝုဒ်