ရှေ့သို့
Image

မနာလို၊ ဝန်တိုတက်သူဟု စီရော်နယ်ဒို၏ ပြောဆိုမှုအပေါ် ပြန်လည်တုံ့ပြန်ခဲ့သည့် ရွန်းနီ

9:13 AM, 8 April

စီရော်နယ်ဒို၏ မနာလို၊ ဝန်တိုတက်သူဟု စွပ်စွဲပြောဆိုမှုအပေါ် ယခင်ယူနိုက်တက်အသင်းဖော်ဟောင်း ရွန်းနီက လက်ရှိအချိန်တွင် ဘောလုံးကစားသမားတိုင်း စီရော်နယ်ဒိုအား မနာလိုဝန်တိုနေမှာဖြစ်ကြောင်း ရယ်သွေးရွှမ်းကာ ထုတ်ဖော်ပြောဆိုခဲ့သည်။

ယခုရက်သတ္တပတ်အတွင်းပြုလုပ်ခဲ့သော Sky Sports ၏ တွေ့ဆုံဆွေးနွေးခန်းအစီအစဉ်တွင် ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်းက စီရော်နယ်ဒိုအနေဖြင့် အသင်းဟောင်းနှင့် ပြန်လည်ပူးပေါင်းခဲ့ပြီးနောက် ကလပ်အတွက် အကျိုးမရှိဖြစ်နေခဲ့ရာ လာမည့်နွေရာသီတွင် ကစားသမားအနေဖြင့် အသင်းမှထွက်ခွာသင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့နောက် ရွန်းနီက အစီအစဉ်တင်ဆက်သူ ဒေးဗစ်ဂျုန်း၊ ဂျေမီကာရေဂါတို့နှင့်အတူ ဆွေးနွေးခန်း အစီအစဉ်ဓါတ်ပုံတစ်ပုံကို အင်စတာဂရမ်လူမှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့ရာ အဆိုပါပို့စ်အောက်တွင် “မနာလို၊ ဝန်တို နှစ်ယောက်”ဟု စီရော်နယ်ဒိုက ကွန်းမန့်ရေးသားကာ ပြန်လည်တုံ့ပြန်ခဲ့သည်။

လက်ရှိဒါဘီကောင်တီနည်းပြ ရွန်းနီက “ဒီမနက်မှာပဲ ဒါကို မြင်ပါတယ်။ ဒီကမ္ဘာဂြိုလ်ပေါ်မှာ ရော်နယ်ဒိုကို မနာလိုမဖြစ်တဲ့ ကစားသမားတစ်ယောက်လောက်တောင် ရှိမှာ မဟုတ်ပါဘူး။ သူ့ရဲ့ကစားသမားဘဝမှာ အောင်မြင်မှုတွေ၊ ဆုဖလားတွေ၊ ဝင်ငွေတွေ…. အဲ့ ခန္ဓာကိုယ်မှာလည်း Six Pack လည်း ရှိသေးတယ်။ လီယွန်နယ်မက်ဆီနဲ့ အခြားကစားသမားတွေလည်း ရော်နယ်ဒိုကို မနာလိုမိပါပဲ”ဟု ရယ်သွေးရွှမ်းကာ ပြောဆိုခဲ့သည်။

ယခုရာသီ ယူနိုက်တက်အသင်းအတွက် ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် စီရော်နယ်ဒိုက ဦးဆောင်နေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ ၂၄ ပွဲတွင် ၁၂ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးပေးထားသည်။

အလားတူ ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ယူနိုက်တက်အသင်း ရှုံးနိမ့်ထွက်ခွာခဲ့ရသော်လည်း စီရော်နယ်ဒိုသည် ယူနိုက်တက်အတွက် ၇ ပွဲကစား၊ ၆ ဂိုး သွင်းယူပေးခဲ့သည်။

လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအတွက်လည်း ယူနိုက်တက်အသင်း ရုန်းကန်နေရပြီး ရာသီကုန် အမှတ်ပေးဇယား ထိပ်ဆုံးလေးသင်းစာရင်းဝင်နိုင်ရန် လက်ရှိအဆင့်လေးနေရာမှ တော့တင်ဟမ်အသင်းနှင့် ၃ မှတ်အကွာ အဆင့်ခြောက်တွင် ရပ်တည်နေသည်။

#မန်ချက်စတာယူနိုက်တက် #ဒါဘီ #ရွန်းနီ #ရော်နယ်ဒို