ရှေ့သို့
Image

နည်းပြဘဝမှ အနားယူခဲ့သော်လည်း သန်းကြွယ်သူဌေးအဖြစ် အောင်မြင်ကျော်ကြားနေသည့် ဆာအဲလက်စ်ဖာဂူဆန်

2:27 PM, 7 April

မန်ချက်စတာယူနိုက်တက်နည်းပြ အဖြစ်မှ အနားယူသည်မှာ ၁၀စုနှစ်တစ်ခုနီးပါးရှိလာပြီဖြစ်သော ဆာအဲလက်စ်ဖာဂူဆန်သည် ယူနိုက်တက်အသင်းထံမှ သီတင်းပတ်တစ်ပတ်လျှင် ပေါင် ၂၃၅,၀၀၀ ပမာဏနှင့်ညီမျှသော လစာနှုန်းထားတစ်ရပ်ကို ရရှိနေကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

အသက် ၈၀ နှစ်အရွယ် နည်းပြဟောင်းသည် အိုးထရက်ဖို့ဒ်ကလပ်တွင် ၂၆ နှစ်ကြာ ဂန္တဝင်မြောက်နည်းပြဘဝကို ပရီးမီးယားလိဂ်နှင့် ဥရောပတခွင် ဟုန်ဟုန်းတောက်ကျော်ကြားအောင် တည်ဆောက်နိုင်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် ရာထူးမှ အနားယူခဲ့သည်။ ဖာဂူဆန်သည် ရာထူးမှ ပျော်ရွှင်စွာအနားယူခဲ့သော်လည်း သူချစ်သောကလပ်နှင့်တော့ မခွဲခွာနိုင်ခဲ့ပေ။

The Sun သတင်းဌာန၏ အဆိုအရ ဖာဂူဆန်သည် စာရေးဆရာ၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် အများပြည်သူ ဟောပြောပွဲများမှတဆင့် တစ်နှစ်လျှင် ဝင်ငွေ ပေါင် ၂ သန်းခန့်ရရှိနေသလို ယူနိုက်တက်၏ အသင်းသံတမန် အဖြစ် တာဝန်ထမ်းဆောင်မှုအတွက် ပရီးမီးယားလိဂ် ထိပ်တန်းကစားသမားတစ်ဦးလစာမျိုးကို ရရှိနေဆဲဖြစ်ကြောင်းသိရသည်။

ထို့ပြင် ဖာဂူဆန်၏ ကိုယ်ပိုင်ကုမ္ပဏီ ACF Sports Promotions company မတည်ငွေရင်းကို ပေါင်သန်း ၄၀ အထိ မြှင့်တင်နိုင်ခဲ့သလို ပြီးခဲ့သည့်တစ်နှစ်တည်းကိုပင် အမြတ်ဝင်ငွေ ပေါင် ၁၂.၂ သန်းအထိ ရရှိခဲ့သည်။

ဂလပ်စကိုမြို့ဖွား စကော့သားသည် “၂၀၁၃ အဲလက်စ်ဖာဂူဆန် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ” စာအုပ်ထုတ်ဝေခဲ့ရာ အုပ်ရေသန်းပေါင်းများစွာ ရောင်းချနိုင်ခဲ့သည်။ အလားတူ အဘာဒင်းအသင်းနှင့် စိန့်မရင်းအသင်း မန်နေဂျာဟောင်းသည် အများပြည်သူဟောပြောပွဲများတွင် ဟောပြောမှုနှင့်အတူ ဉာဏ်ပူဇော်ခအဖြစ် ပေါင် ၁ သိန်း ပေးချေရကြောင်း The Sun သတင်းဌာနက ရေးသားသည်။ထို့အတူ အိုးထရက်ဖို့ဒ်ကလပ်သည် ၂၀၁၃ ခုနှစ်တွင် ရာထူးမှ အနားယူခဲ့သော ဖာဂူဆန်အား ကလပ်သံတမန်ရာထူး ခန့်အပ်ခဲ့သည်။

ပြက္ခဒိန်တစ်နှစ်လျှင် ရက် ၂၀ ခန့်အလုပ်လုပ်ပါက ဖာဂူဆန်အနေဖြင့် သီတင်းပတ် တစ်ပတ်လျှင် ပေါင် ၂ သန်းကျော် ဝင်ငွေရရှိနေခဲ့သည်။ ယူနိုက်တက်အတွက် နည်းပြတာဝန်ယူခဲ့စဉ်က ဖာဂူဆန်သည် ပရီးမီးယားလိဂ်ချန်ပီယံဆု ၁၃ ကြိမ်အထိ ရရှိအောင် စွမ်းဆောင်ပေးခဲ့သလို ကစားပွဲများအတွင်း တင့်တယ်မှုနှင့် ပြည့်စုံသော နည်းပြများအနက် တစ်ဦးအဖြစ် တည်ဆောက်နိုင်ခဲ့သည်။

ယနေ့ဘောလုံးကမ္ဘာမှာ မန်ချက်စတာယူနိုက်တက် အဖြစ် သတင်းကြီးမားလာစေရန်အတွက် ဖာဂူဆန်သည် တစ်ရာသီအတွင်း ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားတို့ိကို ဆွတ်ခူးနိုင်ရန် ဦးဆောင်ပေးခဲ့သည်။ သူအနားယူပြီးနောက်ပိုင်းတွင် ယူနိုက်တက်သည် အဓိကဆုဖလား ၃ လုံးသာ ဆွတ်ခူးနိုင်ခဲ့ပြီး ယခုအခါ နောက်ဆုံးငါးနှစ်ဆက် ဆုဖလားလက်မဲ့ရာသီကို ဖြတ်သန်းနေရသည်။

#မန်ချက်စတာယူနိုက်တက် #ဖာဂူဆန်