ရှေ့သို့
Image

ချဲလ်ဆီးနဲ့ ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဘန်ဇီးမား ဂုဏ်ပြုချီးမွှမ်းခန်းဖွင့်လိုက်တဲ့ ဂယ်ရီလိုင်နီကာ

11:09 AM, 7 April

ယနေ့နံနက်ပိုင်းတွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လန်ဒန်မြို့ရှိ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် ချဲလ်ဆီး အသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဧည့်သည်အသင်းက အိမ်ရှင်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

စပိန်ကလပ်အတွက် သွင်းဂိုးအားလုံးကို ယခင် ပီအက်စ်ဂျီအသင်းနှင့် ၁၆ သင်းအဆင့် ဒုတိယအကျော့ ရှုံးထွက်ပွဲစဉ်ကဲ့သို့ပဲ အသင်းတိုက်စစ်မှူး ဘန်ဇီးမားက သွင်းယူပေးခဲ့ပြီးနောက် အင်္ဂလန်လက်ရွေးဟောင်း နာမည်ကျော်ကစားသမားဟောင်း ဂယ်ရီလိုင်နီကာက ပြင်သစ်လက်ရွေးစင်ကစားသမားအပေါ် ချီးကျူးဂုဏ်ပြုခဲ့သည်။

ဂယ်ရီလိုင်နီကာက “ဘောလုံးဆိုတာ ရိုးရှင်းတဲ့ အားကစားနည်းတစ်ခုပါ။ လူ ၂၂ ယောက်က မိနစ် ၉၀ ကြာ ဘောလုံးနောက် လိုက်နေကြတယ်။ အဆုံးမှာတော့ ဘန်ဇီးမားက အမြဲတမ်းဂိုးသွင်းတော့တာပဲ”ဟု ချီးမွှမ်းခန်း ဖွင့်ခဲ့သည်။

ဟက်ထရစ်သွင်းယူခဲ့သော ဘန်းဇီးမားသည် မက်ဒရစ်မြို့တွင်ကစားမည့် ချန်ပီယံလိဂ်ဒုတိယအကျော့ ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အတွက် အကျိုးကျေးဇူးကောင်းများကို ယူဆောင်ပေးခဲ့သည်။ ရီးရဲလ်မက်ဒရစ်အသင်း ဂိုးသမား ကော်တိုရစ်က “ဘန်ဇီးမားက ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။ ဒါကို ပီအက်စ်ဂျီနဲ့ ပွဲအပြီးမှာလည်း ကျွန်တော်ပြောခဲ့သလို အခုနောက်တစ်ကြိမ် ဒါကို ဒီညမှာ ထပ်မြင်ခဲ့ရပြန်ပါတယ်”ဟု ဆိုသည်။

ဘယ်လ်ဂျီယံလက်ရွေးစင် ဂိုးသမားအနေဖြင့် လက်ရှိချန်ပီယံချဲလ်ဆီးအသင်းအား ပြိုင်ပွဲမှ ထွက်ခွာသွားစေရန်အတွက် လုပ်ဆောင်ရမည့် အလုပ်များကျန်ရှိနေသေးကြောင်း ပြောဆိုခဲ့သည်။

“အလုပ်က အခုထိမပြီးသေးပါဘူး။ ဒုတိယအကျော့မှာ စောစောစီးစီး ချဲလ်ဆီးကို ဂိုးပေးခဲ့ရမယ်ဆိုရင် အရာရာတိုင်း အပြောင်းအလဲဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့ ဒီပွဲစဉ်ကို အနိုင်ရဖို့ လုပ်ရဦးမယ်။ ပထမပိုင်းမှာ ကျွန်တော်တို့အသင်း နှစ်ဂိုးသွင်းနိုင်ခဲ့သလို အပိုင်အခွင့်အရေး နှစ်ကြိမ်လည်း လွဲချော်ခဲ့တယ်။ ဒါပေမယ့် တတိယဂိုး ရရှိအောင်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်ခွင့်ကိုလည်း လိုချင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အသင်း အနေနဲ့ ခံစစ်ထိုင်ကစားခဲ့တာကြောင့် လူကာကူဆိုလည်း ဂိုးရလုနီးပါးအခြေအနေအထိ ရောက်ခဲ့ပါတယ်။ ဒုတိယအကျော့မှာလည်း ဒီလိုမျိုးမဖြစ်အောင် သတိထားကစားဖို့ လုပ်ရပါမယ်”ဟု ကော်တိုရစ်က ဆက်လက်ပြောကြားသည်။

#ချဲလ်ဆီး #ရီးရဲလ်မက်ဒရစ် #ဘန်ဇီးမား #ချန်ပီယံလိဂ် #လိုင်နီကာ