ရှေ့သို့
Image

နွေရာသီမှာ လိုက်ပ်ဇစ်ကွင်းလယ်လူ လိုင်မာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ယူနိုက်တက်

3:16 PM, 6 April

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ လိုက်ပ်ဇစ်က ကွန်ရက်ဒ်လိုင်မာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ သတင်းတွေအရတော့ ယာယီနည်းပြ ရာ့ဖ်ရန်နစ်ဟာ ၂၄ နှစ်အရွယ် ကွင်းလယ်လူကို အလွန်နှစ်သက်ပြီး အိုးလ်ထရက်ဖို့ဒ်ကို ခေါ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ ကွင်းလယ်ပိုင်းက အားအနည်းဆုံးဖြစ်နေပေမယ့် လာမယ့်အပြောင်းအရွှေ့ ဖွင့်ချိန်မှာတော့ အပြောင်းအရွှေ့တွေ များစွာဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။ လက်တလောမှာတော့ နည်းပြသစ်ခန့်အပ်ရေးကိုသာ ဦးစားပေးကိစ္စအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။ အဲရစ်တန်ဟတ်နဲ့ မော်ရီချီယိုပိုချက်တီနိုတို့ကတော့ ရေပန်းအစားဆုံးဖြစ်နေသလို ပရိသတ်တွေကလည်း ဒီနည်းပြနှစ်ဦးကိုပဲ နှစ်သက်လျက်ရှိပါတယ်။

တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ရဲ့ ကွင်းလယ်ပိုင်းက ပေါ့ဂ်ဘာ၊ မာတာတို့လို အဓိကကစားသမားတွေ ထွက်ခွာဖို့လည်း ရှိနေတာကြောင့် ကွင်းလယ်ကစားသမားသစ် နှစ်ဦးလောက် ခေါ်ယူဖွယ်ရှိနေပါတယ်။ အဲ့ဒါကြောင့် ယူနိုက်တက်ရဲ့ ကွင်းလယ်ပစ်မှတ်တွေထဲမှာ လိုင်မာလည်း ပါဝင်လာခဲ့တာပါ။ သြစတီးယားသားဟာ pressing ကစားရာမှာ ဆရာတစ်ဆူလို့ နာမည်ကြီးပြီး ဖရက်ဒ်ကို အဆင့်မြှင့်ထားတဲ့ ကစားဟန်မျိုးရှိပါတယ်။

ဒါ့အပြင် လိုင်မာကို ရန်နစ်လိုက်ပ်ဇစ်မှာ ရှိစဉ်တုန်းက ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ လိုက်ပ်ဇစ် စိန်ပွင့်ကစားကွက် ၄-၁-၂-၁-၂ ကစားကွက်မှာ ကွင်းလယ်အဖျက် ကစားသမား တစ်ယောက်အနေနဲ့ ခြေစွမ်းပြ ကစားနေသူလည်း ဖြစ်ပါတယ်။ ဘောလုံးကိုင်ကစားနိုင်စွမ်းရှိပြီး ဗဟိုခံစစ်ထိဆင်းကူပြီး တိုက်စစ်ကို ပြန်လည်စတင်နိုင်စွမ်း ရှိသူလည်း ဖြစ်ပါတယ်။

ရန်နစ်ကလည်း ကစားသမားရဲ့ အကြောင်းကို ကောင်းကောင်းသိရှိထားသူပီပီ အိုးလ်ထရက်ဖို့ဒ်ကိုလာ ပူးပေါင်းဖို့ လမ်းဖွင့်ပေးသွားဖွယ် ရှိနေပါတယ်။ ၂၄ နှစ်သားဟာ လိုက်ပ်ဇစ်နဲ့လည်း စာချုပ်နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ အလွန်နည်းပါးတဲ့ ကုန်ကျစရိတ်သာ ကျသင့်မှာလည်း ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #လိုက်ပ်ဇစ် #ရန်နစ် #လိုင်မာ