ရှေ့သို့
Image

ဘန်လေနဲ့ ပွဲကို ဂျွန်စတုန်းနဲ့ မာရက်ဒ်တို့ ဘာကြောင့်လွဲခဲ့လဲဆိုတာ ဂွာဒီယိုလာဖွင့်ဟ

2:24 PM, 4 April

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွာဒီယိုလာက နိုင်ငံပွဲစဉ်တွေအတွင်း ဒဏ်ရာပြဿနာကြောင့် အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးကနေ အသင်းကို ပြန်လာရတဲ့ ခံစစ်မှူး ဂျွန်စတုန်းကို ဘန်လေနဲ့ပွဲမှာ ထည့်ကစားတာက စွန့်စားလွန်းရာကျကြောင်း ပြောခဲ့ပါတယ်။

စတုန်းဟာ အင်္ဂလန်နဲ့ဆွစ်ဇာလန်ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် သွေးပူလေ့ကျင့်ခန်းလုပ်နေရင်း ဒဏ်ရာပြဿနာ ရှိလာတာကြောင့် ပွဲမစတင်ခင်လေးတင်မှာပဲ အစားထိုးလိုက်ရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က အိုင်ဗရီကို့စ်နဲ့ပွဲအတွက် နည်းပြဆောက်ဂိတ်ရဲ့အသင်းနဲ့အတူ ထရိန်နင်ဆင်းခဲ့သော်လည်း ဒဏ်ရာပြဿနာ ရှိနေဆဲဖြစ်တာကြောင့် မန်ချက်စတာကို ပြန်သွားခဲ့ရပါတယ်။

စတုန်းဟာ ဘန်လေနဲ့ပွဲမတိုင်မီထိ ပေါင်ခြံဒဏ်ရာနာကျင်နေသေးလို့ ဆေးတွေ သောက်နေရတာကြောင့် ပွဲမကစားနိုင်ကြောင်း ရှင်းပြခဲ့ပါတယ်။ အဲ့ဒါကြောင့် နာသန်အကီနဲ့ လာပေါ်တီတို့ကိုသာ ရွေးချယ်ခဲ့ရပြီး ဖေဖော်ဝါရီလက နောဝစ်ချ်ကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ် လိဂ်ပွဲထွက်ခွင့်ရရှိခဲ့တဲ့ အကီကလည်း ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

ဂွာဒီယိုလာက “ဂျွန်ကနိုင်ငံအသင်းအတွက် မကစားနိုင်ခဲ့ဘူး။ သူဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာ မဟုတ်ပေမယ့် ဘောလုံးနဲ့ထိတိုင်း နာကျင်နေတဲ့ ပြဿနာမျိုးရျိနေတယ်။ ပြီးခဲ့တဲ့ ရက်တွေမှာလည်း ရောင်ရမ်းတာမျိုးတွေရှိလို့ ပိုးသတ်ဆေးတွေဘာတွေ ထိုးခဲ့ရတယ်။ ဒဏ်ရာရှိနေတာမျိုးမဟုတ်ပဲ ကြံ့ခိုင်မှုမပြည့်ဝတာပါ။ အဲ့ဒါကြောင့် သူ့ကိုပွဲကစားခိုင်းပြီး မစွန့်စားချင်ပါဘူး။ နာသန်(အကီ)ကလည်း ဒီအသင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်ပြီးတော့ ဒီနေ့ပွဲမှာ သူကဘယ်လိုခံစစ်မှူးမျိုးလဲဆိုတာ သက်သေပြသွားတာကြောင့် အရမ်းဝမ်းသာမိပါတယ် ” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဂွာဒီယိုလာက တာ့ဖ်မိုးကွင်းက ပွဲစဉ်မှာ ရီရက်ဒ်မာရက်ဇ်မပါရတဲ့ အကြောင်းအရင်းကတော့ အယ်လ်ဂျီးရီးယားအသင်း ကမ္ဘာ့ဖလား ဝင်ခွင့်မရတာကြောင့် မဟုတ်ကြောင်း ပြောခဲ့ပါတယ်။ အယ်လ်ဂျီးရီးယားအသင်းဟာ ကင်မရွန်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နောက်ဆုံး ၁၀ စက္ကန့်အလိုမှ ပေးလိုက်ရတဲ့ ဂိုးနဲ့ ဝင်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။

ဂွာဒီယိုလာက ဆက်လက်ပြီး “ဘန်လေနဲ့ပွဲကို နည်းနည်းတော့ စိုးရိမ်မိခဲ့တယ်။ အမှန်အတိုင်း ပြောရရင် လီဗာပူးနဲ့ပွဲထက်တောင် ပိုပြီးစိုးရိမ်မိခဲ့တာပါ။ လီဗာပူးနဲ့ရင်ဆိုင်ရတာက ကျွန်တော့်လူတွေ၊ ကျွန်တော့် ကစားသမားတွေ အတွက် ဘယ်လိုအဓိပ္ပာယ်လဲဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် ကလပ်အသင်းတွေရဲ့ ထရိန်နင်က နိုင်ငံပွဲတွေပြီးမှ လုပ်ရတာပါ။ နိုင်ငံအသင်းရဲ့ ရလဒ်ကြောင့် ရီရက်ဒ်လည်း ဝမ်းနည်းနေပါတယ်။ သူ့အသင်းခြေစစ်ပွဲအောင်ရင်တောင် သူဒီပွဲဝင်ကစားရင် ကစားနိုင်တယ်၊ ကီဗင်ကတော့ နားရက် ၁၀ ရက်လောက် ရခဲ့ပါတယ်။ လာမယ့်ပွဲတွေမှာ ကျွန်တော်တို့ဘယ်လိုဖြစ်မလဲ မသိနိုင်ဘူး၊ အဲ့ဒါကြောင့် ဒီနေ့ပွဲအနိုင်က လာမယ့်လီဗာပူးနဲ့ ပွဲအထိ ရှိနေမယ်ဆိုရင် ဝမ်းသာမိမှာပါ”လို့ ပြောခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #မာရက်ဇ် #ဂျွန်စတုန်း