ရှေ့သို့
Image

လက်စတာနဲ့ သရေကျခဲ့ပြီးနောက် ရန်နစ်ရဲ့ နည်းစနစ်ပိုင်းအကြောင်း ထုတ်ပြောလာတဲ့ ဖာနန်ဒက်စ်

1:50 PM, 4 April

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ဖန်တီးရှင် ဘရူနိုဖာနန်ဒက်စ်ဟာ စနေညက အိုးလ်ထရက်ဖို့ဒ်မှာ လက်စတာကို ၁-၁ သရေသာ ကစားနိုင်ခဲ့ပြီးနောက် ယာယီနည်းပြရာ့ဖ်ရန်နစ်ရဲ့ နည်းစနစ်ပိုင်းတွေကို ကာကွယ်ပေးခဲ့ပါတယ်။ ယူနိုက်တက်ဟာ အိမ်ကွင်းမှာလည်း နည်းပြဘရန်ဒန်ရော်ဂျာရဲ့အသင်းကို သရေသာ ကစားနိုင်ခဲ့တာကြောင့် ထိပ်ဆုံး ၄ သင်းတိုက်ပွဲ ပြင်းထန်လာချိန်မှာ အမှတ်တွေ ပိုလျော့သွားခဲ့ရပါတယ်။

ကီလီချီအီဟီယန်နာချိုရဲ့ ဦးဆောင်ဂိုးနဲ့ လက်စတာက အရင်ဆုံး ဂိုးရရှိခဲ့ပေမယ့် နောက် ၃ မိနစ်အကြာမှာပဲ ဖရက်ဒ်က ချေပဂိုးပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ခရစ္စတီယာနိုရော်နယ်ဒိုက ဖျားနေတာကြောင့် လွဲချော်ခဲ့ပြီး ၄-၃-၃ ကစားကွက်မှာ ပေါလ်ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့က false nine နေရာမှာ အပြောင်းအလဲလုပ်ပြီး ကစားခဲ့ကြပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းစလုံးရဲ့ ကစားပုံက ထင်သလောက် မကောင်းခဲ့ပဲ အခွင့်အရေး ဖန်တီးမှုတွေလည်း နည်းပါးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လက်စတာဘက်က ကစားအားမြှင့်လိုက်သလို ယူနိုက်တက်ကလည်း မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အထောင်တိုက်စစ်မှူးနေရာမှာထားပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ ဒီပွဲက သရေဖြစ်ခဲ့တာကြောင့် ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ ၃ မှတ်ကွာသွားခဲ့ပြီး ၂ ပွဲလည်း ပိုကစားထားခဲ့ပါတယ်။ ဒါပေမယ့် ဖာနန်ဒက်စ်ကတော့ ရန်နစ်ရဲ့နည်းစနစ်ပိုင်းတွေကို အပြစ်မတင်ခဲ့ပဲ လက်စတာနဲ့ ပွဲကရလဒ်ဟာ သူတို့ကစားသမားတွေကိုသာ အပြစ်တင်ရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ နည်းစနစ်ပိုင်းကို မေးမြန်းရာမှာတော့ ဖာနန်ဒက်စ်က “စီးတီးနဲ့တုန်းက ဖြစ်ခဲ့တဲ့အတိုင်းပါပဲ၊ ကျွန်တော်တို့ ပထမပိုင်းကတည်းက ကောင်းကောင်း တုံ့ပြန်နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲက ဒီကစားကွက်နဲ့ အလုပ်ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေလည်း ရခဲ့သလို ပိုပြီးလည်း သာခဲ့ပါတယ်။ ပထမပိုင်းမှာ လက်စတာရဲ့ အခွင့်အရေး သိပ်မရှိခဲ့ပါဘူး။ ဒါမျိုးက အသားကျနေပါပြီ၊ ကျွန်တော်တို့ အသင်းတစ်သင်းလို စည်းလုံးဖို့ပဲ လိုပါတော့တယ်။ ကစားသမား တစ်ယောက်၊ နှစ်ယောက်ကြောင့်လို့ သွားပြောလို့မရပါဘူး။ ကျွန်တော်တို့အားလုံးက တစ်သင်းတည်းဖြစ်လို့ ရလဒ်က ကျွန်တော်တို့ကြောင့်ဖြစ်လာတာပါပဲ”ဆိုပြီး ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်စတာကို သရေသာကစားနိုင်ခဲ့တာကြောင့် ထိပ်ဆုံး ၄ သင်းဝင်ဖို့ဆိုရင် လီဗာပူး၊ ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့ ပွဲစဉ်တွေအပါအဝင် လက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ရရှိဖို့ လိုအပ်ပါတယ်။
#မန်ချက်စတာယူနိုက်တက် #လက်စတာ #ဖာနန်ဒက်စ် #ရန်နစ်