ရှေ့သို့
Image

အိုးထရက်ဖို့ဒ်ကွင်းတွင် နိုင်ပွဲအခွင့်အရေးငြင်းပယ်ခံရမှုအပေါ် ဝေဖန်သွားတဲ့ ရော်ဂျာ

4:34 PM, 3 April

ယမန့်နေ့ညပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ ကစားခဲ့သော ယူနိုက်တက်-လက်စတာပွဲစဉ်တွင် ယူနိုက်တက်ကွင်းလယ်လူ တိုမီနေးအား အဝါကတ်သာပြသမှုနှင့် လက်စတာ၏ ဒုတိယမြောက်သွင်းဂိုးငြင်းပယ်ခံရပြီးနောက် ဒိုင်လူကြီး၏ စံနှုန်းနှစ်မျိုးဖြင့် ပွဲစဉ်ကိုင်တွယ်မှုအဖြစ် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

လက်စတာအနေဖြင့် ဒုတိယပိုင်းပွဲချိန်အစောပိုင်းတွင် ဂျိမ်းမက်ဒီဆင်အပေါ် ဖျက်ထုတ်မှုနှင့်စပ်လျဉ်း၍ တိုမီနေးအား ပွဲမှ ထုတ်ပယ်ရန် မျှော်လင့်ခဲ့သလို အသင်း၏ ဒုတိယသွင်းဂိုးကို VAR စစ်ဆေးကာ ပြန်လည်ပယ်ဖျက်ခဲ့မှုအပေါ်လည်း ရော်ဂျာက ပြစ်တင်ဝေဖန်ခဲ့သည်။

မက်ဒီဆင်အပေါ်  ပြင်းပြင်းထန်ထန်ဖျက်ထုတ်ခဲ့ပြီးနောက် တိုမီနေးသည် အဝါကဒ်သာပြသခံခဲ့ရပြီး မကြာမီတွင် ယူနိုက်တက်နည်းပြ ရန်းနစ်ခ်က တိုမီနေးအား ရက်ဖို့ဒ်နှင့် လူစားလဲခဲ့သည်။

ရော်ဂျာက " ဒီရာသီအစောပိုင်းက ဝက်ဟမ်းစ်နဲ့ပွဲစဉ်မှာလည်း ကျွန်တော်တို့ ဒီလိုအခြေအနေမျိုး ကြုံခဲ့ရဖူးတယ်။ အယိုဇေးပီရက်ဇ်က ပြိုင်ဘက်ကို ပြင်းပြင်းထန်ထန်ဖျက်ထုတ်ခဲ့ပါတယ်။ သူကတော့ အနီကတ်ပဲ။ တိုမီနေးလည်း အလားတူပဲ ပြိုင်ဘက်ကို ပြင်းပြင်းထန်ထန်ဖျက်ထုတ်ခဲ့တာကြောင့် ဒါဟာ အနီကဒ်ပြစ်ဒဏ်ပဲဆိုတာ လွယ်လွယ်ကူကူဆုံးဖြတ်နိုင်တယ်။ မက်ဒီဆင်ခြေထောက်မှာ အရမ်းနာကျင်ခဲ့ပေမယ့် ပွဲကို ဆက်လက်ကစားနိုင်ပြီး ပွဲပြီးခါနီး စိတ်လှုပ်ရှားဖွယ်ရာအခိုက်အတန့်တွေအတွက် ကျွန်တော်တို့ ကျေးဇူးတင်မိတယ်" ဟု ဆိုသည်။

မက်ဒီဆင်သည် ပွဲစဉ်၏ နောက်ထပ်အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တစ်ခုတွင်လည်း ပါဝင်မိခဲ့ပြီး သူ၏ ပွဲချိန်မိနစ် ၈၀ သွင်းဂိုးကို VAR ဖြင့် ပယ်ဖျက်ခံခဲ့ရသည်။ လက်စတာတိုက်စစ်မှူး အီယန်နာချိုက ယူနိုက်တက်ခံစစ်မှူး ဗာရာနီကို ပြစ်ဒဏ်ကျူးလွန်၍ သွင်းဂိုးဖန်တီးပေးသည်ဟုဆိုကာ အဆိုပါသွင်းဂိုးအား ကွင်းလယ်ဒိုင်လူကြီးက VAR ကြည့်ရှုပယ်ဖျက်ခဲ့သည်။

လက်စတာနည်းပြက " ကျွန်တော် တကယ်ပဲ စိတ်ပျက်မိပါတယ်။ ဗာရာနီကတော့ သူ့အတွေ့အကြုံကို အသုံးချလိုက်တာပါပဲ။ သူက ထိတွေ့မှုတစ်ခုကြုံခဲ့ပြီး လှဲချလိုက်တာပါ" ဟု ပြောသည်။

ထို့ပြင် မက်ဒီဆင်ကလည်း " ဗာရာနီ လှဲချလိုက်ကတည်းက လိမ်စဉ်တစ်ခုဆိုတာကို ကျွန်တော်တွေးမိတယ်။ဘက်လိုက်တော့မယ်ဆိုတာ သိသာလာတာနဲ့ ကျွန်တော်က ပြစ်ဒဏ်ဘောမဟုတ်ဘူးလို့ သွားပြောခဲ့တယ်။ မကြာမီမှာပဲ ဒိုင်လူကြီးက ကွင်းဘေးက မော်နီတာဆီ ထွက်သွားတော့တာနဲ့ ကျွန်တော့်ရဲ့ ပျော်ရွှင်မှုတွေ ဖျက်ဆီးခံရပြီဆိုတာကို သိလိုက်ပါတယ်"ဟု ဆိုသည်။

တဖက်မှာလည်း ယူနိုက်တက်ယာယီနည်းပြ ရန်းနစ်ခ်က အသင်း၏ လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အလားအလာအတွက် စိတ်ပျက်ရမှုကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။

ရန်းနစ်ခ်က " အခုအချိန်မှာတော့ ကျွန်တော်တို့အသင်းက ရာသီကုန် အဆင့်လေးနေရာအတွက် ထင်ကြေးပေးခံရတာ မရှိတော့ဘူး။ ပထမပိုင်းမှာ ကျွန်တော်တို့အသင်း လူပေးကစားပုံက အရမ်းကို ဖြစ်ကတက်ဆန်းနိုင်ခဲ့တယ်။ ဒါက အပတ်စဉ်တိုင်း အမှတ်ပေးဇယားကို ပြန်ကြည့်ရင်း မှန်းဆလို့ကောင်းစေမယ့်အခြေအနေတစ်ခုကို မပြုလုပ်ပေးနိုင်ဘူး။ လာမယ့် အဲဗာတန်နဲ့ပွဲအတွက်ပဲ ပြင်ဆင်ကြရတော့မှာပေါ့" ဟု ပြောဆိုခဲ့သည်။

#မန်ချက်စတာယူနိုက်တက် #လက်စတာ #ရော်ဂျာ