ရှေ့သို့
Image

ရွိုင်ကိန်းနဲ့ ဗီအဲရာတို့ကို ဒိုင်အဖြစ် ကိုင်တွယ်စက လန့်ခဲ့ကြောင်း ပြောလာတဲ့ ဒိုင်လူကြီးမိုက်ဒိန်း

12:09 PM, 2 April

ဒိုင်လူကြီး မိုက်ဒိန်းက သူ့ရဲ့ ပရီးမီးယားလိဂ် ဒိုင်ဘဝအစမှာ ရွိုင်ကိန်းနဲ့ ဗီအဲရာတို့လို နာမည်ကြီး ကစားသမားတွေကို ကိုင်တွယ်ရတဲ့ အခါမှာ စိတ်လှုပ်ရှားပြီး အနည်းငယ် ကြောက်ခဲ့ရကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။ မိုက်ဒိန်းဟာ ပရီးမီးယားလိဂ် ဒိုင်အဖြစ် ၂၀၀၀ ခုနှစ်က စတင်ခဲ့ပြီး ပွဲပေါင်း ၅၅၃ ပွဲ ကိုင်တွယ်ထားပါတယ်။ အနီကတ် စုစုပေါင်း ၁၁၄ ကြိမ်ပြသထားပြီးအခြားသော ဒိုင်တွေထက် အကြိမ်ရေ ပိုများပြားစွာ ပြသထားတာပါ။

သူဟာ သူ့ရဲ့ ဒိုင်လူကြီးဘဝ ကို နှစ်ပေါင်း ၂၂ နှစ်အကြာမှာ အနားယူတော့မယ်လို့ ပြီးခဲ့တဲ့ အပတ်က ကြေညာခဲ့ပါတယ်။ ကွင်းပြင်ပမှာ အခြားသော အလုပ်ဆက်လုပ်ဖို့ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒိန်းဟာ ကွင်းထဲမှာ ကိုးရိုးကားယား အပြုအမူတွေ ၊ မျက်နှာထားတွေ ၊ ကစားသမားတွေကိုပြသတဲ့ လက်ဟန်ခြေဟန်တွေ ၊ ဟိတ်ဟန်များတဲ့ အပြုအမူတွေနဲ့ ကျော်ကြားသူပါ။ သို့သော် အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိပုံမျိုး ၊ တခါတရံ မောက်မာတဲ့ ပုံစံမျိုး ရှိနေခဲ့ပေမယ့် မိုက်ဒိန်းဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ဒိုင်ဘဝအစမှာ အဲ့ဒါတွေနဲ့ ပြောင်းပြန်ဖြစ်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

"ကျွန်တော်ပရီးမီးယားလိဂ်ကို ၂၀၀၀ ခုနှစ်က စကိုင်တွယ်ရတယ်။ ကျွန်တော့် အသက် ၃၁၊ ၃၂ အရွယ်ပေါ့။ အဲ့အချိန်တုန်း ရွှိုင်ကိန်းတို့ ၊ ပီရစ်ဗီအဲရာတို့ နာမည်ကြီးနေတဲ့ အချိန်ပေါ့""ကျွန်တော်က ချန်ပီယံရှစ် ၊ လိဂ်ဝမ်း ၊ လိဂ်တူးကို ကိုင်တွယ်နေရာကနေ ပရီးမီးယားလိဂ်ကိုရောက်လာတော့ ကျွန်တော့်အတွက် တော်တော် အဆင့်ကွာတဲ့ နေရာကို ရောက်လာတာပေါ့။ ကျွန်တော့်အနေနဲ့ ဒီလိုနာမည်ကျော်ကစားသမားတွေနဲ့ ပတ်သက်လို့လဲ မျှမျှတတဖြစ်အောင် တော်တော် သတိထားဂရုစိုက်ရပါတယ်""ကျွန်တော့် အနေနဲ့ ဆုံးဖြတ်ချက်ချဖို့ကို စိတ်လှုပ်ရှားပြီး အနည်းငယ်လန့်ခဲ့တယ်လို့ထင်ပါတယ်"လို့ မိုက်ဒိန်းက ဆိုပါတယ်။

နှစ်တွေကြာလာတဲ့အခါမှာတော့ ဒိန်းဟာ သူ့ရဲ့ မဝံ့မရဲဆုံးဖြတ်ရတာတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဘယ်ကစားသမားကိုမဆို အဝါကတ်တွေ အနီကတ်တွေ ပြသရာမှာက အစ ဘာပြဿနာမှ မရှိတော့ပါဘူး။ နှစ်ပေါင်းများစွာ ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ပြီးနောက် မိုက်ဒိန်းကို ကစားသမားတွေ နည်းပြတွေနဲ့ ရင်းနှီးမှုတွေ ရှိတယ်ဆိုပေမယ့် ဒိန်းကတော့ အားလုံးကို လေးစားမှုနဲ့ မျှမျှတတ ဖြစ်စေဖို့ အလေးထားတယ်လို့ ဆိုပါတယ်။

"နှစ်များစွာ ဒိုင်အဖြစ်ဆောင်ရွက်ခဲ့တဲ့အခါမှာ တချို့ကစားသမားတွေက ကျွန်တော့်ကို မကြိုက်တာရှိသလို တချို့ကလဲ ကျွန်တော့်ကိုကြိုက်တာလဲ ရှိပါတယ်""တခါတရံ လက်ပစ်ဘောတွေ ပြစ်ဒဏ်ဘောတွေ သတ်မှတ်ပေးရတဲ့အခါမှာ ကစားသမားတွေက မကြိုက်ပါဘူး။ အဲ့တော့ နောက် ငါးမိနစ်လောက်နေရင် ကျွန်တော့်က စောစောက ငါပြောခဲ့တာကို တောင်းပန်ပါတယ်ဆိုပြီး ပြောပြီး လက်ဆွဲနှုတ်ဆက်လိုက်တာပါပဲ""ဒါကြောင့် ကစားသမားတွေ ကျွန်တော့်ကိုကြိုက်တယ်ဆိုတာ အဲ့ဒါမျိုးကို ကြိုက်တာနေမှာပါ။ သူ့တို့အနေနဲ့ ကျွန်တော့်ကို လေးစားမှုပေးလာရင် ကျွန်တော်ကလဲ လေးစားမှုပြန်ပေးတာမျိုးပါပဲ"လို့ ဒိန်းက ဆိုပါတယ်။

Sky Sport ရဲ့ အင်တာဗျူးမှာတော့ မိုက်ဒိန်းဟာ VAR အဖွဲ့အစည်းရဲ့ ကမ်းလှမ်းချက်မျိုးကို မရရှိထားသေးဘူးလို့ ဆိုထားပါတယ်။

#ရွိုင်ကိန်း #ဗီအဲရာ