ရှေ့သို့
Image

ယူနိုက်တက်ရာထူး အတွက် လက်ထောက်နည်းပြဟောင်းကို ထောက်ခံပေးလိုက်တဲ့ ဂွါဒီယိုလာ

11:24 AM, 2 April

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြသစ်အဖြစ် လက်ရှိအေဂျက်စ်အသင်းနည်းပြ အဲရစ်တန်ဟက်ခ်ကို  ခန့်အပ်သွားရန် မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက မြို့ခံပြိုင်ဘက်အသင်းအား တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ဘိုင်ယန်မြူးနစ်အသင်းအား ပတ်ဂွါဒီယိုလာကိုင်တွယ်ခဲ့စဉ် လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သော တန်ဟက်ခ်အတွက် ခမ်းခမ်းနားနားရည်ညွှန်းပြောဆိုမှုတစ်ရပ်ကို ၎င်းက ယူနိုက်တက်ထံ ပို့ဆောင်ပေးခဲ့သည်။ ၂၀၁၉ ခုနှစ်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရောက် အေဂျက်စ်အသင်းကိုဦးဆောင်ခဲ့သော အသက် ၅၉ နှစ်အရွယ် တန်ဟက်ခ်သည် ယခုရာသီတွင် နယ်သာလန်ပြည်တွင်းအမှတ်ပေးဖလားချန်ပီယံဆုအား တတိယအကြိမ်အဖြစ်ဆွတ်ခူးနိုင်ရန် ကြိုးစားနေသည်။

ပတ်က "ကျွန်တော်တို့ မကြာခဏစကားပြောဖြစ်ပြီး သူက ဘယ်လောက်နှိမ့်ချဆက်ဆံတက်တဲ့သူဆိုတာ သိလိုက်ရတော့ ကျွန်တော်အံအားသင့်မိတယ်။ မယုံနိုင်လောက်စရာကောင်းတဲ့လူပဲ။ သူရဲ့ အရည်အသွေးတွေကို သိချင်ရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်က အေဂျက်စ်မှာလုပ်ပြခဲ့တာတွေကိုသာ ကြည့်လိုက်ပါ။ စောင့်ကြည့်ချင်စရာကောင်းတဲ့ အရာတွေပေါ့။ ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ရောက်ခဲ့တာတွေတင်မက အခြားအခြားပွဲတွေ အများကြီးပါ။
အရည်အသွေးဆိုတဲ့ စကားလုံးအတွက်ဆိုရင် သူရဲ့အသင်းကိုသာ ကြည့်လိုက်။ မန်နေဂျာတစ်ဦးအဖြစ် သတ်မှတ်ချင်တယ်ဆိုရင် အသင်းတစ်သင်းကို အချိန်အတိုင်းအတာတစ်ခုအထိ ကိုင်တွယ်ဖို့လိုတယ်။ အသင်းတစ်သင်းမှာ မန်နေဂျာက ကစားသမားတွေ ကစားနိုင်ဖို့ စီမံပေးတယ်။ ဒီအရာအပေါ် ဘာမှ သံသယရှိဖို့မလိုပါဘူး။ ကျွန်တော့်အနေနဲ့ ရာနှုန်းပြည့်သေချာတာတစ်ခုပြောရရင် မန်ချက်စတာယူနိုက်တက်ဆီ ဟေ့လူတွေ၊ ဒီလူ့ကို ခန့်ဖြစ်အောင်ခန့်လိုက်ဗျို့လို့တောင် ပြောမိလိမ့်မယ်။ ဒါပေမယ့် ဒါတွေ ဘယ်သူမှမသိပါဘူး"ဟု ဆိုသည်။

ထို့ပြင် ပတ်ဂွါဒီယိုလာအနေဖြင့် အသင်းမှထွက်ခွာချိန်တွင်လည်း တန်ဟက်ခ်သည် စီးတီးအသင်းအတွက် အံဝင်ခွင်ကျဖြစ်လိမ့်မည်ဟုလည်း ပြောခဲ့သည်။

မန်စီးတီးအသင်း အတွက် တန်ဟက်ခ်သည် သင့်တော်သော နည်းပြတစ်ဦးဖြစ်နိုင်ခြင်းရှိ၊မရှိ သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ မေးမြန်းခံရမှုအပေါ် နောက်နှစ်ဘောလုံးရာသီကုန်ချိန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ပတ်က  "ဒီနေရာမှာ အများကြီးသင့်တော်တာပေါ့။ ကျွန်တော်အမြင်ကတော့ သူကလည်း စီးတီးနည်းပြရာထူးအတွက် သင့်တော်သူတွေထဲက တစ်ဦးဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ဒါကို စီးတီးရဲ့ ဘောလုံးဒါရိုက်တာဆီ အခုပဲ သွားပြောမှာပါ"ဟု ဖြေကြားခဲ့သည်။

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #ဂွါဒီယိုလာ #အဲရစ်တန်ဟက်ချ်