ရှေ့သို့
Image

ရုရှားကလပ်မှ ယူကရိန်း ကစားသမားတစ်ဦးကို ခေါ်ယူလေ့ကျင့်ပေးနေတဲ့ မန်စီးတီး

10:39 AM, 1 April

ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာစီးတီးသည် ရုရှားကျူးကျော်စစ်နောက်ပိုင်း နိုင်ငံစွန့်ခွာထွက်ပြေးလာသော အင်္ဂလန်ရောက် ယူကရိန်းကစားသမား အန်ဒရီခရက်ဗ်ချုခ်အား ခေါ်ယူလေ့ကျင့်ပေးနေကြောင်း သိရသည်။ ရုရှားပထမတန်းကလပ် တော်ပီဒိုမော်စကိုအသင်းနှင့် စာချုပ်ဖျက်သိမ်းခဲ့သော အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူသည် လေ့ကျင့်ရေးဆင်းနိုင်ရန်အတွက် မန်စိးတီးအသင်းနှင့် သဘောတူညီမှု ရရှိခဲ့သည်။

ခရက်ဗ်ချုခ်က ရုရှားကျူးကျော်စစ်ဖြစ်ပွားလာချိန်တွင် တော်ပီဒိုမော်စကိုအတွက် ဆက်လက်ကစားရန် မဖြစ်နိုင်တော့ကြောင်း၊ သူ၏ သူငယ်ချင်း ဇီချန်ကိုကလည်း ဗြိတိန်အစိုးရ၊ အက်ဖ်အေနှင့် ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ထံမှ ခွင့်ပြုချက်ရရှိပြီးနောက် ရာသီကုန်မတိုင်ခင် စီးတီးနှင့်အတူ သဘောတူညီမှုရယူဖို့ တိုက်တွန်းခဲ့ကြောင်း ပြောကြားသည်။

ယူကရိန်း U-21 လက်ရွေးစင်ကစားသမားက “ဒီစိတ်ထိခိုက်စရာဖြစ်ရပ်တွေနောက်ပိုင်း ကျွန်တော်အနေနဲ့ တော်ပီဒိုမော်စကိုမှာဆက်နေဖို့ ဘယ်လိုမှ သက်တောင့်သက်သာမရှိတော့ပါဘူး။ ကလပ်မှာလည်း ကျွန်တော့်အတွက် သူငယ်ချင်းကောင်းတွေရှိပါတယ်။ ဒါပေမယ့်လည်းဗျာ မိခင်နိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲနေ တဲ့ နိုင်ငံတစ်ခုက ကလပ်မှာ  ကျွန်တော် ကစားနေခဲ့ရတယ်။ ဒါကြောင့် အသင်းကနေထွက်ခွာခြင်းကပဲ တစ်ခုတည်းသော ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်။ အကယ်၍ ဒီမှာဆက်ကစားနေရင် ယူကရိန်းပြည်သူတွေက ကျွန်တော့်အပေါ် ဘယ်လိုမှ နားလည်မှုပေးနိုင်မှာ မဟုတ်ဘူး”

“အခုလိုလေ့ကျင့်ရေးဆင်းခွင့်ပေးတဲ့အပေါ် စီတီးကို တကယ်ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကတော့ ကျွန်တော့်အတွက် တော်တော်ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ ကစားနိုင်ဖို့ကပဲ ကျွန်တော့်အတွက် အဓိပ္ပါယ်အရှိဆုံးပါပဲ”ဟု ပြောကြားသည်။

ခရက်ဗ်ချုခ်သည် တူရကီနိုင်ငံ၌ ရာသီကြိုပြင်ဆင်မှုအဖြစ် တော်ပီဒိုမော်စကိုအသင်းနှင့် လေ့ကျင့်ရေးဆင်းနေ စဉ် သူ၏ မိခင်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပြီးနောက် မိခင်ဖြစ်သူက ယူကရိန်းနိုင်ငံအား ရုရှားနိုင်ငံ က ကျူးကျော်စစ်ဆင်နွှဲနေပြီဖြစ်ပြီး မိသားစုမှာလည်း ကိဗ်မြို့တော်တွင် ပုန်းခိုနေရကြောင်း၊ အစ်ကိုဖြစ်သူမှာ လည်း နိုင်ငံကိုကာကွယ်ရန် တပ်သို့ ဝင်ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“လေ့ကျင့်ရေးပြီးတော့ မနက်စာစားနေချိန်မှာပဲ အမေ့ဆီက ဖုန်းဝင်လာတယ်ဗျ။ သူရဲ့ ပထမဆုံးပြောစကားက ရုရှားတွေက ငါတို့ကို ဗုံးကြဲနေပြီဟေ့တဲ့။ တကယ်ကို စိတ်ထိခိုက်စရာပဲ။ ကျွန်တော်ဖြင့် စကားလုံးတောင်ရှာမရ ဘူး။ ၂၁ ရာစုရဲ့ ဥရောပအလယ်ပိုင်းမှာဖြစ်နေတဲ့ကိစ္စတွေက ကျွန်တော့်အတွက် မယုံကြည်နိုင်စရာပဲ။ ကျွန်တော့်ဖြင့် အခုထိ စကားလုံးတောင် ရှာမရဘူး။ ကျူးကျော်စစ်မစခင် တစ်လလောက်အလိုက ရုရှားစစ်တပ်တွေ ယူကရိန်းနယ်စပ်ကို ရောက်လာတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးကစားတယ်လို့ပဲ တွေးမိလို့ ကျွန်တော်တို့ ဘာမှတောင်မပြောဖြစ်ဘူး။ ကျွန်တော့်မိသားစုကတော့ ကိဗ်မြို့တော်မှာ လုံလုံခြုံခြုံရှိပါတယ်”ဟု ဆက်လက်ပြောကြားသည်။

#မန်စီးတီး #ရုရှား #အန်ဒရီခရက်ဗ်ချုခ်