လီဗာပူးအသင်း ဖလား ၄ လုံးရမှာကို ထိတ်လန့်မိကြောင်း ဂယ်ရီနဗီးလ် ဝန်ခံပြောကြား
9:22 AM, 1 April
ယူနိုက်တက်အသင်း ဂန္ထဝင်ဟောင်း ဂယ်ရီနဗီးလ်က လီဗာပူးအသင်း ဒီရာသီမှာ ဖလား ၄ လုံးရရှိမှာကို ထိတ်လန့်မိတယ်လို့ ဝန်ခံပြောကြားလိုက်ပေမယ့် အသင်းဖော်ဟောင်း ရွိုင်ကိန်းကတော့ မန်စီးတီးအသင်းသာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ်လို့ ထောက်ခံခဲ့ပါတယ်။
လီဗာပူးအသင်းဟာ မန်စီးတီးနဲ့ ၁ မှတ်အကွာအနေအထားကို ရောက်လာပြီး ဖလား ၄ လုံးလမ်းကြောင်းပေါ်မှာ ရှိနေကာ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ် ၊ အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်နဲ့ ကာရာဘောင်ဖလားလည်း သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံစီးတီးဟာ ချန်ပီယံဆုကာကွယ်နိုင်လိမ့်မယ်လို့ ရွိုင်ကိန်းက ယုံကြည်နေပြီး ဖလား ၃ လုံး ရရှိလိမ့်မယ်လို့ ထင်မြင်နေပါတယ်။ စီးတီးနဲ့ လီဗာပူးတို့ဟာ လာမယ့်အပတ် စီးတီးအသင်း အိမ်ကွင်းမှာ ရင်ဆိုင်ကြရမှာဖြစ်ပြီး ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ်။
သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ နဗီးလ်က လီဗာပူးအသင်းတခုခုလုပ်ပြမှာကို စိုးရိမ်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“သူတို့တွေ ဒီရာသီ တခုခုလုပ်ပြမှာ ကျွန်တော် စိုးရိမ်နေပါတယ်။ ယူနိုက်တက်ပရိသတ်တစ်ဦးအနေနဲ့ စိုးရိမ်ကြောင်း ပြောတာပါ။ တကယ့်ကို စိုးရိမ်နေတာပါ။ သူတို့ ဖလား ၃ လုံး ဒါမှမဟုတ် ၄ လုံး ချန်ပီယံဖြစ်လာနိုင်ပါတယ်။ မယုံကြည်နိုင်လောက်တဲ့ အန္တရာယ်တွေရှိလာနိုင်ပါတယ်။ အာဆင်နယ် အသင်းနဲ့ပွဲမှာ ကျွန်တော်သူတို့ကို ကြည့်လိုက်ရပါတယ်။ သူတို့ ချန်ပီယံမဖြစ်လောက်ဘူးလို့ ကျွန်တော် မပြောနိုင်ပါဘူး။ ချန်ပီယံဆုအတွက် ရှိသင့်တဲ့အရည်အချင်းရှိနေပါတယ်။ လီဗာပူးက ဒီရာသီ ချန်ပီယံဖြစ်လာနိုင်ပါတယ်။ သူတို့ အခြားပြိုင်ပွဲ ၂ ခုမှာ အန္တရာယ်ရှိနေတယ်ဆိုပေမယ့် တိုက်စစ်မှူး ၅ ယောက်ရှိနေတာကြောင့် တခုခုလုပ်ပြပါလိမ့်မယ်”လို့ ဂယ်ရီနဗီးလ်က ပြောကြားခဲ့ပါတယ်။
ရွိုင်ကိန်းကတော့ မန်စီးတီးအသင်းသာ ချန်ပီယံသရဖူကို ကာကွယ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “အများစုက ကလော့ပ်လို့ပဲပြောနေကြပါတယ်။ ဒါပေမယ့် ပက်အကြောင်းမသိသေးလို့ပါ။ ပက်က မယုံကြည်နိုင်စရာကောင်းတဲ့နည်းပြဆိုတာ မမေ့ပါနဲ့။ စီးတီးပဲ ချန်ပီယံဆုကာကွယ်နိုင်ပါလိမ့်မယ်”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ လီဗာပူး အသင်းဟာ ဝက်ဖို့ဒ်ကို အန်ဖီးလ်မှာ ရင်ဆိုင်ရမှာဖြစ်ပြီး စီးတီးက စနေနေ့မှာ ဘန်လေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။