ရှေ့သို့
Image

ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီး တုံ့ပြန်မှုတစ်ခုပြုလုပ်သွားတဲ့ ဆီနီဂေါစတား မာနေး

3:06 PM, 31 March

ဆီနီဂေါအသင်းက အီဂျစ်အသင်းကို အနိုင်ရရှိခဲ့သော ပွဲစဉ်နှင့်စပ်လျဉ်း၍ ဆာလက်ထက် သူက ကံပိုကောင်းခဲ့သူဖြစ်ကြောင်း ဆီနီဂေါကြယ်ပွင့် မာနေးက ဖွင့်ဟပြောကြားခဲ့သည်။

လာမည့်ဆောင်းရာသီ ကာတာနိုင်ငံ၌ ကျင်းပမည့် ပြိုင်ပွဲသို့ ရောက်ရှိနိုင်ရေးအတွက် ပြီးခဲ့သည့် အင်္ဂါညပိုင်းတွင် ကမ္ဘာ့ဖလားနောက်ဆုံးအဆင့် ခြေစစ်ပွဲအဖြစ် ဆီနီဂေါအသင်းက အီဂျစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ် ဖြင့် အနိုင်ရရှိခဲ့သည်။ မာနေးသည် အဆုံးအဖြတ်ပယ်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပြီး အီဂျစ်အသင်းကို အသည်းခွဲနိုင်ခဲ့သည်။ အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ၊ အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲတွင်လည်း အဆုံးအဖြတ်ပယ်နယ်တီကို ကန်သွင်းနိုင်ခဲ့သော မာနေးသည် ဆီနီဂေါနိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်စေခဲ့သလို ဗိုလ်လုပွဲပြိုင်ဖက် အီဂျစ်အသင်းအနေဖြင့်လည်း ဆုဖလားအိပ်မက် ပျက်ပြယ်ခဲ့ရသည်။

ယခုရက်သတ္တပတ်အတွက် အကောင်းဆုံးပွဲစဉ်တွင် အငြင်းပွားဖွယ်ရာ ဖြစ်ရပ်များနှင့် အဆုံးသတ်ခဲ့ရသည်။ ဆီနီဂေါအသင်းက တစ်ဂိုးဂိုးမရှိဦးဆောင်ချိန် အီဂျစ်ဂိုးသမား မိုဟာမက် အယ်ရှာအာဝီ ကွင်းအတွင်းမှထွက်ခွာစဉ် ဆီနီဂေါပရိသတ်များက ရေသန့်ဗူးခွံ့များဖြင့် ပစ်ပေါက်ခဲ့ကြသလို အဆုံးအဖြတ်ပယ်နယ်တီကန်သွင်းချိန် ဆာလက်အပါအဝင် အီဂျစ်အသင်းကစားသမားများ၏ မျက်နှာကို အစိမ်းရောင်ဓါတ်မီးဖြင့် ထိုးခဲ့ကြသည်။ သို့သော်လည်း ဆီနီဂေါကြယ်ပွင့် မာနေးက အိမ်ရှင်ပရိသတ်များ၏ အပြုအမူများနှင့် စပ်လျဉ်း၍ တစုံတရာ မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။

မာနေးက “ကျွန်တော်က နှစ်ကြိမ်နိုင်ပြီး ဆာလက်က နှစ်ကြိမ်ရှုံးတယ်။ ကျွန်တော်က ကံပိုကောင်းခဲ့တယ်။ အာဖရိကနိုင်ငံများဖလားကို အနိုင်ရခဲ့သလို အခုကမ္ဘာ့ဖလား ဝင်ပြိုင်ရတော့မှာဖြစ်လို့ ကျွန်တော်အရမ်းဂုဏ်ယူမိပါတယ်။ ဒါက ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုပါ။ ဒီပွဲက နှစ်သင်းလုံးအတွက် တော်တော်ခက်ခဲတဲ့ပွဲဗျ။ ကျွန်တော်တို့အသင်း ပရိသတ်တွေကလည်း အသင်းအနိုင်ရရှိအောင် အကြီးအကျယ် အားပေးခဲ့သလို ကျွန်တော်တို့အသင်း ကစားသမားတွေကလည်း အဆုံးထိ တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီပွဲက လွယ်ကူမှာမဟုတ်ဘူူးဆိုတာ ကျွန်တော်တို့သိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ ဂိုးသွင်းနိုင်ရေး အားထုတ်နိုင်ခဲ့ပါတယ်”ဟု ONTime Sports သတင်းဌာနသို့ ပြောဆိုသည်။

တဖက်တွင်လည်း အီဂျစ်လက်ရွေးစင်အသင်းနည်းပြ ကားလို့စ်ကွီရော့ဇ်သည် အသင်းနည်းပြအဖြစ် ၆ လကြာ တာဝန်ယူခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့သလို အီဂျစ်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများ၊ အသင်းကစားသမားများနှင့် အသင်းဝန်ထမ်းများ၊ အသင်း ပရိတ်သတ်များကို ကျေးဇူးတင်ရှိကြောင်း Twitter လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ဆာလက်နှင့် မာနေးတို့သည် ယခုရက်သတ္တပတ်အတွင်း လီဗာပူး အသင်းထံ ပြန်လည်ပူးပေါင်းမည်ဖြစ်ပြီး လာမည့်စနေနေ့တွင် လီဗာပူးအသင်းသည် ဝက်ဖို့ဒ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

#အီဂျစ် #ဆီနီဂေါ #မာနေး