ရှေ့သို့
Image

အသင်းဟောင်းတွင် နည်းပြဖြစ်လာတော့မည့် သရဲနီဟောင်း

1:14 PM, 31 March

လာမည့်နွေရာသီတွင် ပီအက်စ်ဗွီအသင်းနည်းပြသစ်အဖြစ် တိုက်စစ်ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ရုဗန်နစ္စတယ်ရွိုင်းအား ခန့်အပ်ခဲ့ကြောင်း ကလပ်အသင်းမှ တရားဝင်သတင်းထုတ်ပြန်သည်။

၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ပီအက်စ်ဗွီအသင်း၌ ကစားခဲ့သော နစ္စတယ်ရွိုင်းသည် အသင်းအတွက် ၆၂ ဂိုး သွင်းယူပေးခဲ့သလို လက်ရှိတွင်လည်း အရန်အသင်းနည်းပြအဖြစ်မှ အသင်းကြီးနည်းပြအဖြစ်သို့ ၃ နှစ်စာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရသည်။

အသက် ၄၅ နှစ်အရွယ် နယ်သာလန်အသင်းတိုက်စစ်မှူးဟောင်းက “ဒီလိုအခိုက်အတန့်အတွက် နှစ်များစွာကြာ အလုပ်တွေအများကြီးလုပ်ခဲ့ရပါတယ်။ ပီအက်စ်ဗွီအသင်းမှာ ခေါင်းဆောင်မှုအခန်းကဏ္ဍတစ်ခု ရယူဖို့ ကျွန်တော်အဆင်သင့်ဖြစ်နေပါပြီ။ ဒီအတွက် ဝမ်းမြောက်ပျော်ရွှင်ရသလို ကိုယ့်ကိုကိုယ်လည်း ယုံကြည်ချက်ရှိနေပါတယ်”ဟု ပြောကြားမှုကို ကလပ်အသင်း၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

၂၀၁၂ ခုနှစ်တွင် ဘောလုံးကစားခြင်းမှ အနားယူခဲ့သော နစ္စတယ်ရွိုင်းသည် နယ်သာလန်လက်ရွေးစင် အသင်း၏ လက်ထောက်နည်းပြအဖြစ် ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အထိ တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်မှ ယနေ့အထိ တစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့သလို ပီအက်စ်ဗွီအသင်း၏ ယူ-၁၉ အသင်းနှင့် အရန်အသင်းတို့တွင်လည်း တာဝန်ယူခဲ့သည်။

“လက်ရှိနှစ်တွေမှာ ကျွန်တော့်ကို ကလပ်အသင်းက သေသေချာချာ ကြီးကြပ်ပေးခဲ့ပါတယ်။ တစ်ဦးချင်းအနေနဲ့ ဆိုရင်တော့ လက်ရှိပီအက်စ်ဗွီအထွေထွေမန်နေဂျာ ဂါဘရန့်စ်ပေါ့။ ကျွန်တော်ရဲ့ နည်းပြအလုပ်ကို ပြည့်ပြည့်၀၀ အာရုံစိုက်နိုင်မယ်လို့လည်း ယုံကြည်ထားတယ်။ ပီအက်စ်ဗွီလူငယ်အသင်းနည်းပြအဖြစ် တစ်ရာသီစာအတွေ့အကြုံလည်း လိုပါတယ်။ ဒါပေမယ့် ဒီအလုပ်က တိုက်ရိုက်မဟုတ်ဘူး၊ တကယ်လုပ်ရတော့မှာက အခုအချိန်ပါပဲ”

“လွန်ခဲ့တဲ့လပိုင်းတွေက အရာအားလုံး တပြိုင်တည်းဖြစ်ခဲ့တယ်။ မာကယ်လ်ဘရန့်စ်က ပီအက်စ်ဗွီရဲ့ အထွေထွေမန်နေဂျာဖြစ်လာခဲ့ပြီး ဒီနေ့လို အနေအထားမျိုးဖြစ်လာအောင် နောက်ကွယ်ကနေ တွန်းအားပေးကူညီခဲ့ပါတယ်။ အသင်းက ဦးတည်ချက်တစ်ခုဆီ သွားနေပါပြီဖြစ်လို့ ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ကျွန်တော်ပါဝင်လိုခဲ့တယ်။ အသင်းဘုတ်အဖွဲ့ဝင်တွေနဲ့ စကားပြောဆိုခဲ့မှုအရ အနာဂတ်ကာလမှာ အသင်းနဲ့အတူ ထူးခြားတဲ့အရာတချို့ရရှိဖို့ ကျွန်တော့်ကို အားဖြည့်ခဲ့တာဖြစ်တယ်လို့ သိရတယ်။ ကျွန်တော် အသင်းနည်းပြအဖြစ် အသင်းကိုဦးဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု နစ္စတယ်ရွိင်းက ဖြည်စွက်ပြောကြားသည်။

နစ္စတယ်ရွိင်းသည် အဲလက်စ်ဖာဂူဆန်လက်ထက် ၂၀၀၁ ခုနှစ်တွင် ပြောင်းရွှေ့ကြေး ပေါင် ၁၈.၅ သန်းဖြင့် အိုးထရက်ဖို့ဒ်မြေသို့ ပြောင်းရွှေ့လာပြီး ငါးရာသီကြာ ကစားခဲ့သလို ပရီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနှင့် လိဂ်ဖလားတို့ကို အနိုင်ရရှိခဲ့သည်။

#ပီအက်စ်ဗွီ #နစ္စတယ်ရွိုင်း