ရှေ့သို့
Image

ဆာကာနဲ့ ရမ်စ်ဒေးလ်တို့ ပဲလေ့စ်နဲ့ပွဲမှာ ပါဝင်လာနိုင်ဖို့ အာတီတာ မျှော်လင့်နေ

10:42 AM, 31 March

အာဆင်နယ် အသင်းနည်းပြ အာတီတာက ဆာကာ၊ ရမ်စ်ဒေးလ်နဲ့ တိုမီယာဆုတို့ ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်မယ့်ပွဲမှာ ပြန်လည်ပါဝင်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။ အာဆင်နယ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ တိုက်ပွဲဝင်နေရတာဖြစ်ပြီး လက်ရှိမှာ အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာရှိနေတာဖြစ်ပါတယ်။

ဆာကာဟာ ဒီရာသီအာဆင်နယ်အသင်းမှာ ခြေစွမ်းအကောင်းဆုံး ကစားသမားဖြစ်ပြီး ၁၀ ဂိုးသွင်း ၊ ၅ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆာကာတစ်ယောက် ရာသီအားလုံးမှာ ပရီးမီးယားလိဂ် ၁ ပွဲသာ လွဲချော်ထားပြီး ကိုဗစ်ကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။ ဆာကာကတော့ အင်္ဂလန်အသင်းကနေ နုတ်ထွက်ခဲ့ရပြီး အင်္ကျီမဝတ်ခဲ့ရတာကြောင့် စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အခုအပတ်မှာ အိမ်ကနေ ကောင်လေးတွေကို အားပေးနေပါတယ်။ ပြန်လာနိုင်ဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး”လို့ ဆာကာက တွစ်တာမှာ တင်ခဲ့ပါတယ်။

ရမ်စ်ဒေးလ်ကတော့ ပြီးခဲ့တဲ့နွေရာသီ အာဆင်နယ်ကို ရောက်လာပြီးကတည်းက ပထမဂိုးသမားနေရာကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ အသက် ၂၃ နှစ်သားဟာ အာဆင်နယ်အတွက် ၂၇ ပွဲမှာ ၁၄ ပွဲအထိ ပေးဂိုး မရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဗီလာအသင်းနဲ့ပွဲကိုတော့ ဒဏ်ရာအခြေအနေကြောင့် လွဲချော်ခဲ့ပါတယ်။ “ရမ်စ်ဒဲလ်က ဒဏ်ရာရရှိနေဆဲပါ။ သူကြွက်သားဒဏ်ရာအခြေအနေကြောင့် ရက်သတ္တပတ်အနည်းငယ်လောက် နားရမှာပါ”လို့ အာတီတာက အတည်ပြုခဲ့ပါတယ်။

ဒဏ်ရာအခြေအနေကြောင့် ရမ်စ်ဒေးလ်တစ်ယောက် အင်္ဂလန်အသင်းလူစာရင်းကနေပါ နုတ်ထွက်ခဲ့ရပါတယ်။ အခြားတစ်ဖက်မှာတော့ တိုမီယာဆုက ပေါင်ဒဏ်ရာကြောင့် ဇန်နဝါရီနောက်ပိုင်းကတည်းက နားနေရပါတယ်။ ဒါပေမယ့် အာတီတာက တိုမီယာဆုတစ်ယောက် ဗီလာနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ခဲ့သေးတာဖြစ်ပါတယ်။

တိုမီယာဆုရဲ့အခြေအနေက တိုးတက်မှုအချို့ရှိနေတာကြောင့် အာတီတာက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲမှာ ပါဝင်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။

#အာတီတာ #အာဆင်နယ် #ခရစ္စတယ်ပဲလေ့စ် #ဆာကာ #ရမ်စ်ဒေးလ်