ရှေ့သို့
Image

ဥရောပကနေ အာရှဘောလုံးအဖွဲ့ချုပ်ထံ ပြောင်းလဲဖို့ စဉ်းစားနေတဲ့ ရုရှားလက်ရွေးစင်နှင့် ဘောလုံးကလပ်များ

2:27 PM, 30 March

ဥရောပပြိုင်ပွဲတွေဖြစ်တဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကွန်းဖရန့်လိဂ်တွေကနေ ဖယ်ရှားခြင်းခံရပြီးနောက် ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ ယူအီးအက်ဖ်အေကနေ ထွက်ခွာပြီး အာရှဘောလုံးအဖွဲ့ချုပ်ထံ ပူးပေါင်းဖို့ စဉ်းစားနေပါတယ်။

လက်ရှိအချိန်တွင် ယူကရိန်းထံ ရုရှားက ကျူးကျော်စစ်စတင်ပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာနှင့် ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေတို့က ရုရှားလက်ရွေးစင်အသင်းနှင့် ဘောလုံးကလပ်များကို ပြိုင်ပွဲတွေကနေ ထုတ်ပယ်ထားတာ ဖြစ်ပါတယ်။ ရုရှားပရီးမီးယားလိဂ်ကလပ်တွေဟာ ဥရောပြိုင်ပွဲအသီးသီးကနေ ထုတ်ပယ်ခံထားရပြီး စပါးတပ်မော်စကိုဆိုရင် ယူရိုပါလိဂ် ၁၆ သင်း အဆင့်ကနေ ဖယ်ရှားခံထားရပါတယ်။

အမျိုးသားလက်ရွေးစင်အသင်းဟာလည်း ပိုလန်အသင်းနဲ့ play-off ကစားခွင့်ကို မရခဲ့ဘဲ ကာတာကမ္ဘာ့ဖလား ဝင်ခွင့်နဲ့ လွဲချော်ခဲ့သလို အမျိုးသမီးအသင်းဟာလည်း ယခုနွေရာသီမှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲကနေ ဖယ်ထုတ်ခံခဲ့ရပါတယ်။ ဒီအတွက်ကြောင့် အာရှုဘောလုံးအဖွဲ့ချုပ်ထံ သွားရောက်ပူးပေါင်းဖို့ရုရှား စဉ်းစားလျက်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။

အဆိုပါအတိုင်းသာဖြစ်လာမယ်ဆိုရင် ကမ္ဘာ ဖလားဝင်ခွင့်ကို ရုရှားအသင်း အာရုဇုန်ကနေ ယှဉ်ပြိုင်ရနိုင်သလို ယူရိုပြိုင်ပွဲအစား အာရှဖလားတွင် ပါဝင်ကစားရမှာ ဖြစ်ပါတယ်။ ကလပ်အသင်းတွေဟာလည်း ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပြိုင်ပွဲတွေထက် အာရှချန်ပီယံလိဂ်နှင့် AFC ဖလားတွေမှာ ဝင်ကစားရဖွယ် ရှိပါတယ်။

ဒါပေမဲ့ ဒီလိုကူးပြောင်းမှုဟာ တခြားသောအာရှဘောလုံးအဖွဲ့တွေရဲ့ ထင်မြင်ချက်နှင့် အတည်ပြုချက်ရယူနိုင်မှသာ အဆင်ပြေမည် ဖြစ်ပါတယ်။ နိုင်ငံဘောလုံးအဖွဲ့ကူးပြောင်းသည့် အစဉ်အလာ ရှိခဲ့ဖူးပြီး အစ္စရေးဟာ ၁၉၅၄ကနေ ၁၉၇၄အထိ အာရှဘောလုံးအဖွဲ့မှာ ပါခဲ့ပြီး နောက်ပိုင်းမှာ အထုတ်ခံရသလို ၁၉၉၁ခုနှစ်တွင် ယူအီးအက်ဖ်အေထံ မပူးပေါင်းမီ ကြားထဲမှာ ဘယ်အဖွဲ့အစည်းလက်အောက်ကနေမှ မကစားခဲ့ရပါဘူး။

ကာဇက်စတန်ဟာလည်း မူလက အာရှဘောလုံးအဖွဲ့ထဲပါခဲ့ပြီး ၂၀၀၂တွင် ယူအီးအက်ဖ်အေနဲ့ ပူးပေါင်းခဲ့ပါတယ်။ သြစတြေးလျဟာလည်း ၂၀၀၅ခုနှစ်က အာရှတိုက်တွင် ကစားရန် Oceania အဖွဲ့ချုပ်ကနေ ထွက်ခဲ့ပါတယ်။

#ယူအီးအက်ဖ်အေ #ရုရှား