ရှေ့သို့
Image

ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ပြီးနောက် အီဂျစ်နည်းပြ ရာထူးကနေ ကားလို့စ် ကွီရော့ဇ် နှုတ်ထွက်

11:45 AM, 30 March

အီဂျစ်နည်းပြ ကားလို့စ် ကွီရော့ဇ်ဟာ ယမန်နေ့ည ဆီနီဂေါကို ပင်နယ်တီမှာ ၃-၁ဂိုးနဲ့ ရှုံးကာ ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ပြီးနောက် နည်းပြရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

အီဂျစ်အသင်းဟာ ဆီနီဂေါကို အာဖရိကဖလား ဗိုလ်လုပွဲမှာ ပင်နယ်တီနဲ့ ရှုံးခဲ့အပြီး ၃ပတ်ကျော်အကြာမှာပဲ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ထပ်အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ယမန်နေ့ည ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ပြီးနောက် ကွီရော့ဇ်က အသင်းနည်းပြရာထူးကနေ ထွက်ခွာခဲ့ပြီဖြစ်ကြောင်း လူမှုကွန်ရက်ကနေ ကြေညာခဲ့ပါတယ်။

ကွီရော့ဇ်က “အိပ်မ်တွေ အဆုံးသတ်သွားပါပြီ။ ကျွန်တော် နှလုံးသားထဲကနေ အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော့် ကစားသမားတွေ၊ ဝန်ထမ်းတွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ ခင်ဗျားတို့က ကျွန်တော့်နှလုံးသားထဲမှာ အမြဲ ရှိနေမှာပါ”“ကျွန်တော့်အနေနဲ့ ဒီလို စိတ်ပါဝင်စားပြီး စိတ်အားထက်သန်တဲ့ မိတ်ဆွေတွေနဲ့ အလုပ်လုပ်ရတာ တကယ်ကို ဂုဏ်ယူရပါတယ်”လို့ ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကမှ အီဂျစ်နည်းပြ ဖြစ်လာတဲ့ ကွီရော့ဇ်ဟာ အတက်အကျ များခဲ့ပြီး အာဖရိကဖလား ဗိုလ်လုပွဲထိ ရောက်ခဲ့ပေမဲ့ အသင်းရဲ့ ကစားပုံအပေါ် ဝေဖန်ခံခဲ့ရပါတယ်။ ကင်မရွန်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် ကွင်းဘေးမှာ စည်းကမ်းနဲ့ မညီတဲ့ အငြင်းပွားဖွယ်အပြုအမူတွေကြောင့် ထုတ်ပယ်ခံခဲ့ရကာ ဆီနီဂေါနဲ့ ဗိုလ်လုပွဲကို လွဲချော်ခဲ့ပါတယ်။

ဆက်လက်ပြီး ကွီရော့ဇ်က “ခင်ဗျားတို့ မရှိရင် ကျွန်တော့်ဘ၀မှာ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ခင်ဗျားတို့အတွက် အလွန် ဂုဏ်ယူမိပါတယ်။ အီဂျစ်ပရိသတ်တွေ အကောင်းဆုံး ဖြစ်စေဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်”လို့ တွစ်တာက စာကို အဆုံးသတ်ထားခဲ့ပါတယ်။

#အီဂျစ် #ကမ္ဘာ့ဖလားခြေစစ်ပွဲ #ကွီရော့ဇ်