ရှေ့သို့
Image

ဘောလုံးကန်ရတာမပျော်တော့ရင်လည်း ကစားသမားဘဝက နားတော့လို့ ဝေဖန်ခံခဲ့ရတဲ့ အယ်လီ

12:46 PM, 29 March

အဲဗာတန်ကွင်းလယ်လူ ဒယ်လီအယ်လီကို ဘောလုံးကန်ရတာ မပျော်တော့ဘူးဆိုရင်လည်း ဘဝရှေ့ဆက်ဖို့အတွက်ပဲ ရွေးချယ်ပြီး ကစားသမားဘဝက အနားယူလိုက်တော့လို့ လီဗာပူးကွင်းလယ်လူ စတန်ကော်လီမိုးက ပြောခဲ့ပါတယ်။

၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အယ်လီဟာ အဲဗာတန်နည်းပြသစ် ဖရန့်လမ်းပတ်လက်ထက်မှာ ပွဲထွက် ကစားသမားအဖြစ်နဲ့ တစ်ပွဲမှ ကစားခွင့်မရရှိသေးပဲ လွန်ခဲ့တဲ့ ၃ နှစ်က နည်းပြ ပိုချက်တီနိုလက်အောက်မှာ ခြေစွမ်းပြခဲ့တဲ့ တော့တင်ဟမ်ကြယ်ပွင့် အယ်လီနဲ့ တခြားစီ ဖြစ်လာခဲ့ပါတယ်။ Mirror သတင်းစာရဲ့ ဆောင်းပါးထဲမှာ ကော်လီမိုးက အဲဗာတန်ကွင်းလယ်လူအတွက် လက်ရှိဖိအားတွေဟာ တဖြည်းဖြည်းနဲ့ ပိုဆိုးလာနိုင်တာကြောင့် သူ့ရဲ့အနာဂတ်မှာ ဘောလုံးက အရေးပါသေးလားဆိုတာ ပြန်လည်မေးခွန်းထုတ်သင့်ပြီဖြစ်ကြောင်း အကြံပေးခဲ့ပါတယ်။

ကော်လီမိုးက “ဒယ်လီအနေနဲ့ အရမ်းအရေးကြီးတဲ့ မေးခွန်းတစ်ချို့ကို ဖြေဖို့လိုပါတယ်။ ဘယ်သူ့ကိုမှ ဖြေရာမှာမဟုတ်ဘူး၊ သူ့ကိုယ်သူပဲဖြေရာမှပါ။ မေးခွန်းကတော့ ဒီဘောလုံးလောကက ငါ့အတွက်အရေးကြီးရဲ့လား၊ သံယောဇဉ်ဖြတ်ဖို့လိုလာပြီလား ဆိုတာပဲ။ ဒယ်လီအယ်လီက ဘောလုံးကိုတောင် မကြိုက်တော့ဘူးလို့ ပြောလာနိုင်တယ်။ အဲ့ဒါဆိုလည်း တကယ်စိတ်ဝင်စားပြီး ကြိုးစားချင်တဲ့အရာကို ရှာပါ။ အသင်းတိုင်းကောင်းတဲ့ ပရီးမီးယားလိဂ်လိုနေရာလာပြီး အပျော်အပျက်မလုပ်ပါနဲ့။ သူက သူကစားခဲ့တဲ့ အသင်းတွေက ပရိသတ်တွေနဲ့ နည်းပြတွေကို လှည့်စားနေသလိုပဲ။ ဥရောပရဲ့ အတောက်ပဆုံး လူငယ်ကွင်းလယ်လူဆိုတဲ့ နာမည်ကကျန်ခဲ့ပါပြီ။ ပရိသတ်တွေကို မေးကြည့်လိုက်ပါ ဒယ်လီက ပရီးမီးယားလိဂ်အဆင့်မှာ ရှိသေးရဲ့လားလို့။ အဲ့ဒီမေးခွန်းကလည်း သူ့ကိုယ်သူပြန်မေးသင့်တဲ့ မေးခွန်းမျိုးပါပဲ။ မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အရိုးသားဆုံး ဖြေကြည့်ပါ။ မင်းပရိုကစားသမား တစ်ယောက်ဖြစ်ချင်သေးလား၊ နောက် ၅ နှစ်လောက် အချိန်ဖြုန်းချင်သေးတာလား။ တကယ်သာအဲ့ဒီလိုလုပ်မယ်ဆိုရင်တော့ မင်းဟာ သူ့အရည်အချင်းကိုယ် သတ်ပစ်တဲ့ အပြစ်သားတစ်ယောက်လို့ ပြောရတော့မှာပဲ ”လို့ ရေးသားခဲ့ပါတယ်။

အယ်လီဟာ ဇန်နဝါရီလကမှ တော့တင်ဟမ်ကနေ ထွက်ခွာပြီး အဲဗာတန်အသင်းနဲ့ ၂၀၂၄ ထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ကော်လီမိုးကဆက်လက်ပြီး အယ်လီရဲ့ လက်ရှိအခြေအနေဟာ တစ်ချိန်က နာမည်ကျော်တင်းနစ် ကမ္ဘာ့နံပါတ် ၁ ကစားသမားဟောင်း အက်ရှ်ဘာတီထက်တောင် ပိုဆိုးနေသေးတယ်လို့ ပြောခဲ့ပါတယ်။

ဘာတီဟာ ဂရန်းစလန်းချန်ပီယံဖြစ်ခဲ့ပြီးနောက် အသက် ၂၅ နှစ်အရွယ်မှာ လက်စွမ်းတွေဆက်တိုက် ကျဆင်းခဲ့တာကြောင့် ချန်ပီယံဆုကို မကာကွယ်တော့ပဲ ကစားသမားဘဝက အနားယူသွားခဲ့ပါတယ်။
#အဲဗာတန် #လမ်းပတ် #ဒယ်လီ အလီ